အသုံးပြုသူများအတွက် လုံခြုံစိတ်ချရသည့် ငွေကြေးဝန်ဆောင်မှုများ ရရှိစေရေးသည် KBZPay ၏ အဓိက ဦးစားပေးဖြစ်ပါသည်။ လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်။ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ပါသည်။
အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချစွာထားရှိရန် အရေးကြီးပုံကိုလည်း လေးစားစွာဖြင့် ထပ်မံသတိပေးလိုပါသည်။
PIN နံပါတ်သည် လူကြီးမင်းတို့၏ ဒစ်ဂျစ်တယ်ငွေကြေးလုံခြုံစိတ်ချရမှုရှိစေရန် အရေးကြီးသည့် ဒစ်ဂျစ်တယ် သော့တစ်ချောင်း ဖြစ်ပါသည်။ PIN နံပါတ်အား မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ မိသားစုဝင်များဖြစ်စေ၊ ဘဏ်ဝန်ထမ်းများဖြစ်စေ၊ ကုန်သည် (merchant) များဖြစ်စေ မည်သူနှင့်မျှ လုံးဝ (လုံးဝ) မျှဝေခြင်းမပြုရန် အလွန်အရေးကြီးပါသည်။ လူကြီးမင်းနှင့်မည်မျှရင်းနှီးသူဖြစ်စေ PIN နံပါတ်ကို လုံးဝ (လုံးဝ) မမျှဝေသင့်ပါ။ ထိုနံပါတ်ကို KBZPay မှလည်း မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။ PIN နံပါတ်သတ်မှတ်ရာတွင်လည်း ခန့်မှန်းရလွယ်ကူသော ဆင်တူဂဏန်းများ၊ မိမိ၏မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် အစရှိသည့် နံပါတ်များကိုရှောင်ရှားပြီး မိမိတစ်ဦးသာသိနိုင်မည့် ခိုင်မာသော PIN နံပါတ်မျိုးပေးထားရန် အထူးအရေးကြီးပါသည်။
OTP နှင့် PIN ထက် ပိုမိုကောင်းမွန်သော နည်းပညာ လုံခြုံမှုအားထပ်မံတိုးမြှင့်ရန်အတွက် biometric identification နှင့် device-based notification ကဲ့သို့ လုပ်ဆောင်ချက် များကို အကောင်အထည်ဖော်သွားရန် ဆောင်ရွက်လျက်ရှိပြီး အသုံးပြုသူများ၏ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် ပိုမို လုံခြုံမှုရှိစေရန် KBZPay မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မသမာသူများမှ ငွေကြေး လိမ်လည်ရယူရန် ပြုလုပ်တတ်သည့် ကြိုးပမ်းမှုများနှင့် ပတ်သက်၍လည်း အလေးဂရုပြုကြပါရန် KBZPay မှ တိုက်တွန်းလိုပါသည်။ အယောင်ဆောင် အက်ပလီကေးရှင်းများနှင့် လင့်ခ်များ၊ အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် message များမှတစ်ဆင့် မသမာသူများသည် လူကြီးမင်း၏ အချက်အလက်များအား ၎င်းတို့ထံသို့ ရောက်ရှိစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ် လှည့်စားလေ့ရှိပါသည်။ ထို့ကြောင့် Google Play Store သို့မဟုတ် Apple App Store ကဲ့သို့သော ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှသာလျှင် KBZPay app ကို download လုပ်၍ ရယူရန် တိုက်တွန်းပါသည်။
လူကြီးမင်း၏ အကောင့်လုံခြုံမှုအတွက် KBZPay app ကို နောက်ဆုံး version သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်သလို အခြားသူများနှင့် မျှဝေသုံးစွဲထားသည့် device များဖြင့် မိမိ၏ KBZPay သို့ login ဝင်ရောက်ခြင်း ကိုရှောင်ကြဉ်သင့်ပါသည်။
မိမိ၏ အကောင့်တွင် သံသယဖြစ်ဖွယ်ငွေကြေးဆောင်ရွက်ချက်များကို သတိပြုမိလျှင်ဖြစ်စေ၊ အကူအညီ လိုအပ်လျှင်ဖြစ်စေ KBZPay ၏ Hotline 3211 သို့ ၂၄ နာရီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
အသုံးပြုသူများအတွက် လုံခြုံစိတ်ချရသည့် ငွေကြေးဝန်ဆောင်မှုများရရှိစေရေးသည် KBZPay ၏ ဦးစားပေးဖြစ်သည့်အတွက် လုပ်ငန်းစဉ်တိုင်း၌ လူကြီးမင်းအား အထောက်အကူပြုပေးသွားမည်ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့်လည်း မိမိ၏ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကို ပိုမိုစိတ်ချလုံခြုံစွာအသုံးပြုနိုင်ရန် ယခုအသိပေး ချက်များအား အလေးဂရုပြု၍ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းပါသည်။