ချိတ်ဆက်ထာ၀ရ သဘာ၀အလှ
ကမ္ဘောဇဘဏ်၏ ၂၀၂၅ ခုနှစ် ပြက္ခဒိန်ကို ဖန်တီးရာတွင် သဘာဝတရားက ပေးအပ်ထားသော အဖိုးတန် သယံဇာတ ရင်းမြစ်များနှင့် ဒေသတွင်းနေထိုင်သူများ၏ စုံလင်ကွဲပြားသည့် အစဥ်အလာ၊ ယဥ်ကျေးမှုနှင့် အလှတရားများ အပြန်အလှန် ချိတ်ဆက်၍ အမှီသဟဲပြု ရှင်သန်ရပုံကို ဖော်ညွှန်းထားပါသည်။ ထိုမျှမက ယှဥ်တွဲနေထိုင်စဥ်ကာလတစ်လျှောက် သဘာဝသယံဇာတများအား တန်ဖိုးထားတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်ဖြင့် လူသားနှင့်သဘာဝကြား ဂေဟစနစ်ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်စေရန် ရည်ရွယ်၍ ဖန်တီးပုံဖော်ထားပါသည်။
ယခုနှစ် စားပွဲတင်ပြက္ခဒိန်ကို အရွယ်အစားလျှော့ချထားခြင်း၊ ပလတ်စတစ်မဟုတ်သော သံကွင်းအနှောင့်ကို အသုံးပြုထားခြင်း၊ စာမျက်နှာများကို ပလတ်စတစ် မလောင်းဘဲ ထုပ်ပိုးမှုတွင်လည်း ပြန်လည်အသုံးပြုနိုင်သော ထုပ်ပိုးမှုဖြင့် စီစဥ်ထားခြင်းတို့ဖြင့် အရင်းအမြစ်များ အသုံးပြုမှုကို လျော့နည်းသွားစေရန်၊ စွန့်ပစ်ပစ္စည်းမှ ပြန်လည်အသုံးပြုနိုင်စွမ်း အပြည့်အဝရရှိစေရန်နှင့် စွန့်ပစ်ပစ္စည်းများမှ သဘာ၀ပတ်၀န်းကျင်အပေါ် ဘေးထွက်ဆိုးကျိုး သက်ရောက်မှုများကို လျော့ကျစေရန် ရည်ရွယ်ပါသည်။
စိမ်းစိမ်းစို
ဓာတ်ပုံဆရာ – ကျော်ဇောလေး
“အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဟူသည့် ဆိုရိုးအတိုင်း ဖန်၊ ချို၊ ခါး အရသာ ၃မျိုး ပေါင်းစပ်ထားသည့် မြန်မာ့လက်ဖက်ကို မြင့်မားသော တောင်တန်းဒေသများ၊ မတ်စောက်သော တောင်စောင်းများနှင့် မြေဆီလွှာကောင်းမွန်သော ဒေသများဖြစ်သည့် ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကာ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။
လက်ဖက်ကို မိရိုးဖလာစိုက်ပျိုးနည်းအပြင် လှေကားထစ်နည်းဖြင့်ပါ မတ်လအစောပိုင်းလောက်တွင် စတင် စိုက်ပျိုးကြကာ၊ လက်ဖက်ပင်လေးများမှ ရွက်နုကလေးများ စထွက်လာလျှင် အချိန်မီ ခူးကြရပြီး စိုက်ပျိုးရာဒေသ၊ ရာသီဥတုနှင့် အပင်၏သန်စွမ်းမှုပေါ် မူတည်၍ အကြိမ်များစွာ ခူးယူကြရသည်။ စိုက်ပျိုးပြီး ၃ နှစ်အကြာတွင် လက်ဖက်ရွက် စတင်ခူးနိုင်ပြီး သက်တမ်းရင့် လက်ဖက်ပင်များမှ အကောင်းဆုံး လက်ဖက်ရွက်နုများကို ရရှိနိုင်ပါသည်။
ဒေသခံလုံမပျိုလေးများက ပလိုင်းကို စလွယ်သိုင်းလျက် လက်ဖက်အညွန့်ကလေးများကို တစ်ပင်မှတစ်ပင် ကုန်စင်အောင် လက်ဖြင့် ခူးကြရပြီး တစ်ရက်လျင် လက်ဖက်ရွက်အစိမ်း ပိဿာချိန် (၄) ပိဿာမှ (၈) ပိဿာအထိ ခူးနိုင်ကြသည်။ ခူးထားသော လက်ဖက်များကို ပေါင်းအိုးထဲ ထည့်ပေါင်းပြီး၊ နွမ်းဖတ်သွားသော လက်ဖက်ညွန့်လေးများအား လိပ်သွားသည်အထိ နယ်ပေးရသည်။ လက်ဖက်စိုအတွက် ဝါးခွေထဲ ထည့်သိပ်ပေးရပြီး၊ လက်ဖက်ခြောက်အတွက်မူ နေပူပူတွင် လှန်းပေးရသည်။
လက်ဖက်ကို ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက နန်းတွင်းအခမ်းအနားများတွင် တခမ်းတနား တည်ခင်း ဧည့်ခံခဲ့ကြသည်။ ‘မြန်မာ့အစားအစာ’ ဟု ဆိုလိုက်လျှင် ပွဲတိုင်း မပါမဖြစ်သည့် လက်ဖက်ကို တွဲမြင်မိကြပြီး နိုင်ငံ့ဂုဏ်ကျက်သရေဆောင် အစားအစာအဖြစ် သတ်မှတ်နိုင်သည်။ နှပ်ထားသည့် လက်ဖက်ရွက်နုအစိုကို အကြော်စုံဖြင့် သုပ်စားနိုင်သကဲ့သို့၊ လက်ဖက်အကြမ်းခြောက်ကို ရေနွေးကြမ်းအဖြစ် လည်းကောင်း၊ လက်ဖက်အချိုခြောက်ကို လက်ဖက်ရည် အဖြစ်လည်းကောင်း သောက်သုံးနိုင်ပါသည်။
လက်ဖက်သည် အန်တီအောက်စီဒန့် (Antioxidants) ကြွယ်ဝ၍ သွေးတိုး၊ ကင်ဆာနှင့် ဆီးချိုရောဂါများကို ကာကွယ်ပေးခြင်း၊ အသည်းအတွက် လုပ်ငန်းဆောင်တာ မှန်ကန်ကောင်းမွန်စေခြင်း၊ သွားနှင့်သွားဖုံးရောဂါများ သက်သာစေခြင်း၊ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သောကြောင့် လူသားတို့၏ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါသည်။
ယခုအခါ မြန်မာ့လက်ဖက်စို၊ လက်ဖက်ခြောက်နှင့် လက်ဖက်အချိုခြောက်များကို ပြည်တွင်းမှာသာမက ပြည်ပကပါ မှာယူအသုံးပြုလျက်ရှိရာ လက်ဖက်သည် ဒေသခံများအတွက် စီးပွားရေးအခွင့်အလမ်းအဖြစ်သာမက၊ လက်ဖက်စိုက်ပျိုးခြင်းဖြင့် လေထုအရည်အသွေးကို မြှင့်တင်ပေးပြီး ပျက်စီးနေသည့် ဂေဟစနစ်ကို ပြန်လည်ကောင်းမွန်စေခြင်း၊ ရာသီဥတုထိန်းညှိခြင်းနှင့် အလုံးစုံသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် များစွာ အထောက်အကူ ပြုစေပါသည်။
ဝမ်းရေး
ဓာတ်ပုံဆရာ – ကျော်ကျော်ဝင်း
‘အစိမ်းရောင်ရွှေ’ ဟု ခေါ်ဆိုကြသည့် နှစ်ရှည်ခံသဘာဝအရင်းအမြစ် သယံဇာတပေါက်ပင်တစ်မျိုးဖြစ်သော ဝါးပင်ကို သိပ္ပံနည်းကျ အပင်မျိုးရိုးဗီဇအရ အကြီးမြန်သော မြက်မျိုးနွယ်ပင်ဟု သတ်မှတ်ကြပြီး၊ ကမ္ဘာ့ကြီးထွားမှုအမြန်ဆုံး အပင်မျိုးထဲတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဝါးမျိုးစု (၇၅) မျိုး၊ ဝါးမျိုးစိတ် (၁၂၅၀) ခန့်အနက် ဝါးမျိုးစု (၂၁) မျိုးနှင့် ဝါးမျိုးစိတ် (၁၀၂) မျိုးခန့် အလေ့ကျ ပေါက်ရောက် ရှင်သန်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြံခင်း၊ မြန်အောင်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်ရှိ ကျေးရွာများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများသည် ဝါးအဓိကပေါက်ရောက်သော ဒေသများဖြစ်သည်။
ဝါးပင်ပေါက်ကို မျှစ်အဖြစ် စားသုံးနိုင်ပြီး၊ ဝါးပင်နုချိန်အရွယ်တွင် နှီးဖျာအဖြစ်လည်းကောင်း၊ ရင့်ချိန်တွင် ဝါးလုံး၊ ဝါးကပ်၊ ထရံ၊ တိုင်၊ အိမ်အမိုးအကာ၊ ကုလားထိုင် စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်နိုင်သည်။ မြန်မာ့ အရည်အသွေးမြင့် ဝါးဖြင့် ပြုလုပ်ထားသည့် လက်ရာမြောက် အိမ်သုံးပရိဘောဂပစ္စည်းနှင့် အသုံးအဆောင်များအား ပြည်ပအထိပင် တင်ပို့ရောင်းချလျက် ရှိသည်။
ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ဝါးခြင်းတောင်းများ၊ ဝါးကုလားထိုင်များ၊ ဝါးဖျာများနှင့် ဝါးတံမြက်စည်းများ တစ်ပိုင်တစ်နိုင် ရက်လုပ်ပြီး မိသားစုအပိုဝင်ငွေ ရှာနိုင်သဖြင့် ဝါးပင်သည် သွားကြားထိုးတံမှစ၍ လူသုံးကုန်ပစ္စည်းများ ပြုလုပ်နိုင်သည်အထိ အသုံးဝင်သည်။
ထိုမျှသာမက ဝါးပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူ၍ အောက်ဆီဂျင်ဓာတ်ကို ပြန်လည် ထုတ်လွှတ်ပေးသောကြောင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည်။ ကျစ်လျစ်ခိုင်မာသော ဝါးပင်၏ အမြစ်သည် မြေဆီလွှာ ရေတိုက်စားမှုကို ကာကွယ်ပေး၍ ရာသီဥတုပူနွေးမှုကို လျှော့ချသည့်နေရာတွင်လည်း များစွာ အထောက်အပံ့ ဖြစ်စေသည်။
သက်ရှိသတ္တဝါများ အားလုံးအတွက် ကမ္ဘာမြေကြီးက လက်ဆောင်အဖြစ် ပေးအပ်ထားသည့် သယံဇာတ သဘာဝအရင်းအမြစ်ဖြစ်သော အဖိုးတန်ဝါးပင်များကို မတိမ်ကော မပပျောက်စေရန်အတွက် ထိန်းသိမ်း စောင့်ရှောက်ရန် အထူး လိုအပ်လှပေသည်။
ရေချိုတစ်ပေါက်
ဓာတ်ပုံဆရာ – သွယ်သွယ်ထွန်း
‘ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်’ ဟူသော စကားပုံက သက်ရှိသတ္တဝါများ အသက်ရှင်သန် နေနိုင်ရေးအတွက် ‘ရေ’ သည် မရှိမဖြစ် လိုအပ်သည်ကို ဖော်ညွှန်းနေ၏။ လူတို့အတွက် သောက်ရေသန့်သည် နေ့စဥ် သောက်သုံးရန်အတွက်သာမက အစားအစာများ ချက်ပြုတ်စားသောက်ရန်အတွက်ပါ မရှိမဖြစ် အရေးပါသည်။
ရေသန့်စက်များ၊ ရေခဲသေတ္တာများ မပေါ်ခင် ကာလက အိမ်တိုင်းတွင် သောက်ရေအတွက် သဲအိုးလေးများကို အသုံးပြုကြသည်။ နွေအခါ အရိပ်ရအပင်ကြီးများအောက်တွင် ခရီးသွားများ အခမဲ့ အမောပြေသောက်သုံးနိုင်ရန် သောက်ရေအိုးစင်များ ထား၍ ရေလှူကြသည်။ သဲအိုးထဲမှ အေးမြနေသည့် ရေကို အမောပြေ သောက်သုံးနိုင်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ခေတ်ကြီးတွင် သောက်ရေအိုးများနေရာ၌ ရေသန့်ဘူးများ အစားထိုးဝင်လာ၍ သောက်ရေအိုးထားသည့် ဓလေ့မှာ ကျေးလက်ဒေသရှိ နေအိမ်အချို့၌သာ တွေ့နိုင်တော့သည်။
၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းအပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများကို သိသိသာသာ ကြုံတွေ့လာရပြီး မိုးခေါင်ရေရှားခြင်း၊ ရာသီဥတု ပူပြင်းမှု ဒဏ်ကြောင့် မြေအောက်ရေဖြည့်တင်းမှု လျော့ကျလာပြီး ရေထုတ်ယူနိုင်မှုပမာဏ လျော့နည်းလာခြင်းများနှင့် ရင်ဆိုင်လာရသည်။ မြန်မာနိုင်ငံ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့ရှိ ဒေသခံကျေးလက်နေ ပြည်သူများသည် သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် သောက်သုံးရေများ ရရှိရန် ခက်ခဲလာ၏။
အထူးသဖြင့် သောက်သုံးရေအဖြစ် မှီခိုအားထားနေရသည့် ရေတွင်း ရေကန်များက ရေထွက်နှုန်း လျော့ကျလာခြင်း၊ ရေခန်းခြောက်ခြင်းများနှင့် ကြုံတွေ့လာရသည်။ နွေရာသီ ကန်ရေ၊ တွင်းရေများ ခန်းခြောက်လာသောအခါ ဒေသခံတို့သည် သဲချောင်းများဆီသို့ အပြေးသွား၍ လက်ယက်တွင်းလေးများ တူးကာ သောက်ရေချို ရှာပုံတော်ဖွင့်ရသည်။
မြန်မာနိုင်ငံသည် မြစ်ချောင်းများ ပေါများသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင် တောင်ကျရေများဖြင့် တစ်ဟုန်ထိုးစီးဆင်းသော်လည်း နွေရာသီတွင်မူ သဲပြင်များသာ ကျန်ရှိပါသည်။ ထိုများပြားသော သဲသောင်ပြင်များသည် ရေကို စုပ်ယူ ထိန်းသိမ်းထားသည်။ နွေအခါ ရေပြတ်လပ်လျှင် ရွာနှင့်မနီးမဝေးရှိ ရေမစီးတော့သော သဲချောင်းများတွင် လက်ဖြင့်ယက်၍ ထွက်လာသည့် ရေကိုအကြည်ခံပြီး ခပ်ယူ သုံးစွဲကြရသည်။ ရေချိုတစ်အိုးရရန်အတွက် လက်ယက်တွင်းလေးများ ကိုယ်စီတူး၍ လက်တံရှည်အုန်းမှုတ်ခွက်များဖြင့် နာရီပေါင်း မြောက်မြားစွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီး ခပ်ယူရသည်။ နွေအခါ သဲပြင်ကို ကျော်ဖြတ်၍ ထွက်လာသော ရေချိုတစ်ပေါက်သည် ဒေသခံများအတွက် ရွှေထက်ပင် တန်ဖိုးရှိ၏။
ကမ္ဘာကြီးပူနွေးလာခြင်း၏ သက်ရောက်မှုကြောင့် ကမ္ဘာ့တစ်ဝန်း ပြင်းထန်သည့် အပူလှိုင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံအထက်ပိုင်း ခြောက်သွေ့၍ မိုးနည်းသောဒေသများသည် အပူလှိုင်းရိုက်ခတ်မှုဒဏ်ကို သိသာစွာခံစားကြရပြီး၊ လူနေမှုအဆောက်အဦး၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ၊ သောက်သုံးရေတို့အပေါ် ဘက်ပေါင်းစုံက ဆိုးကျိုးများ သက်ရောက်စေသည်။
ကမ္ဘာကြီးသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်များ ယိုယွင်းပျက်စီးလာခြင်းကို လက်တွေ့ ရင်ဆိုင်နေရသည်။ မလိုအပ်ဘဲ ရေကိုမဖြုန်းတီးရန်နှင့်၊ ရေအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် တတ်သိပညာရှင်များဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် အထူးပင်လိုအပ်သည်။
ကြည်စေ အေးစေ
ဓာတ်ပုံဆရာ – ရဲဝင်းညွန့် (အင်းလေး)
သင်္ကန္တခေါ် ပါဠိဘာသာမှ သက်ဆင်းလာသော သင်္ကြန်ဟူသော ဝေါဟာရသည် ကူးပြောင်းခြင်းဟူသည့် အနက်အဓိပ္ပာယ်ရသည်။ မြန်မာပြက္ခဒိန်တွင် တန်ခူးလသည် နှစ်သစ်ကူးပြောင်းသောလ ဖြစ်ပြီး၊ နှစ်စဥ် ခရစ်သက္ကရာဇ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အတွင်း ကျင်းပလေ့ရှိသည်။ ပျော်ရွှင်ခြင်း၊ သန့်စင်ခြင်းနှင့် အသစ်ပြန်လည် ဆန်းသစ်ခြင်းအတွက် အချိန်ကာလဖြစ်ပြီး၊ မြန်မာတို့၏ ၁၂လရာသီပွဲတော်များအနက် အလွန်ထင်ရှား စည်ကားသော ပွဲတော်တစ်ခုလည်း ဖြစ်သည်။
မြန်မာ့နှစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့အရ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသည့်အနေဖြင့် သက်ကြီးဝါကြီးများကို တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ သပြေခက်ဖြင့် သနပ်ခါးနံ့သာရေများ ပက်ဖျန်းပေးခြင်း၊ ဘုရားကျောင်းကန်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်းများ ပြုလုပ်ကြသည်။ ထိုမျှမက သင်္ကြန်ကာလတွင် ဒါနပြုသည့်အနေဖြင့် ငါးလွှတ်ခြင်း၊ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ စတုဒိသာကျွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများလည်း ပြုလုပ်ကြသည်။
မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးလက်တို့တွင် ကလေးများ ပျော်မြူးစွာ ရေပက်ကစားကြသကဲ့သို့၊ လူငယ်လူရွယ်များလည်း ရေကစားမဏ္ဍပ်များ ဆောက်လုပ်ကာ အပြန်အလှန် ရေပက်ကစားကြသည်။ အက၊ အလှ၊ ယိမ်းအကများ၊ သံချပ်များဖြင့် ဖျော်ဖြေကြသည်။ မြန်မာ့သင်္ကြန်သံချပ်များတွင် မြန်မာတို့၏ နေ့စဥ် လူနေမှုဘဝကို ဖော်ညွှန်းပြသကြပြီး အပြိုင်အဆိုင် သံချပ်ထိုးကာ ဆင်နွှဲကြသည်။ မြန်မာ့သင်္ကြန်သည် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များပင် တကူးတက လာရောက်၍ ဆင်နွှဲကြသည်အထိ ထင်ရှားကျော်ကြားသည်။
မြန်မာ့သင်္ကြန်သည် မြန်မာလူမျိုးများ၏ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အပြန်အလှန် ချစ်ခင်ရင်းနှီးမှုနှင့်အတူ၊ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းချိန်ဖြစ်၍ နှစ်သစ်တွင် ပိုမိုကောင်းမွန်သော၊ ပိုမိုငြိမ်းချမ်း၍ သာယာဝပြောသော နေ့ရက်များကို မျှော်မှန်းကာ လူမျိုးဘာသာမရွေး အလွှာပေါင်းစုံ ပျော်ရွှင်စွာ ဆင်နွှဲကြသည့် ပွဲတော်တစ်ခု ဖြစ်သည်။ သင်္ကြန်ပွဲတော်ကာလသည် မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သောရာသီ အထွတ်အထိပ်ဖြစ်သည့် ဧပြီလလယ်တွင် ကျရောက်ခြင်းကြောင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ရေပက်ဖျန်းကစားခြင်းဖြင့် ပတ်ဝန်းကျင်နှင့် ခန္ဓာကိုယ်ကို အေးမြစေပြီး အပူရှိန်နှင့် ရေဓာတ်ခန်းခြောက်ခြင်းကဲ့သို့သော အပူနှင့်ဆက်စပ်သည့် ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေး၏။ ထိုမျှမက သင်္ကြန်ရေဖြင့် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောလိုက်ခြင်းဖြင့် နှစ်သစ်နေ့ရက်များကို စိတ်သစ်လူသစ် ခွန်အားသစ်ဖြင့် အစပြုရန်အတွက် အပြုသဘောဆောင်သော အမြင်သစ်များ တဖန်ပြန်လည် ရရှိနိုင်ပေသည်။ သင်္ကြန်ပွဲတော်သည် မြန်မာပြည်သူများအတွက် စိတ်အားဖြင့် ကြည်လင်ချမ်းမြေ့မှုကို ပေးစွမ်းရုံမျှမက၊ ရုပ်အားဖြင့် အေးမြပျော်ရွှင်၍ ကျန်းမာရွှင်လန်းမှုကိုပါ ဆောင်ကြဥ်းပေးသည်။
စျေးနေ့
ဓာတ်ပုံဆရာ – အောင်ချမ်းသာ
နံနက်အရုဏ်ကျင်း အလင်းမပျို့ခင် အချိန်ကတည်းက နီးစပ်ရာ ရွာအသီးသီးမှ စျေးရောင်းစျေးဝယ်ရန် ထွက်လာကြသော လှေငယ်အသီးသီးတို့သည် အင်းထဲရှိ သတ်မှတ်ထားသည့် ရေပေါ်စျေးနေရာဆီသို့ ဦးတည်၍ တရွေ့ရွေ့ လာနေကြသည်။ ရောင်းချရန် ကုန်စည်များ တင်ဆောင်လာသော လှေအသီးသီးမှ ထွန်းညှိထားသည့် ဆီမီးတိုင် ဆီမီးခွက် မီးရောင် တလက်လက်တို့ဖြင့် အင်းရေပြင်၏ မနက်ခင်းစျေးနေ့ကို စတင် ဖွင့်လှစ်လိုက်သည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည့် အင်းလေးကန်သည် ရွာမ ရေပေါ်ဈေးကြောင့် လူသိများသည်။ ငါးဖယ်ချောင်း၊ အင်းတိမ်၊ နမ့်ပန်နှင့် မိုင်းသောက် ကျေးရွာများရှိ ငါးရက်စျေးများသည်လည်း ထင်ရှားလှသည်။
ရေပေါ်ဈေးတွင် အင်းဝက်သားချဉ်၊ ငါးထမင်းနယ်၊ ဟင်းထုပ် အစရှိသော အင်းအစားအစာများသာမက လတ်ဆတ်သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဒေသထွက်ဆေးများနှင့် ဟင်းခတ်အမွှေးအကြိုင်များ၊ ငါး၊ ဆန်နှင့် ပဲများ၊ တို့ဟူးကြော်၊ ခေါပုတ် ကဲ့သို့သော ဒေသထွက် အစားအစာများ၊ ယွန်းထည်၊ ငွေထည်၊ သစ်သားပန်းပု လက်မှုအမှတ်တရပစ္စည်းများ၊ ဒေသထွက် ရိုးရာချည်ထည် အဝတ်အထည်များ၊ ပရဆေးဝါးများ၊ အိမ်သုံးပစ္စည်းများ၊ ငါးဖမ်းကိရိယာများ၊ တောင်း၊ ပလုံး၊ ဆန်ကာ စသည့် နေ့စဉ်သုံးနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ ဒေသထွက် ပန်းပင်၊ ပျိုးပင်များကို အပြန်အလှန် ရောင်းချကြ၊ ဝယ်ယူကြသည်။
အင်းသား၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ကယားနှင့် ကယန်း အစရှိသည့် လူဦးရေ တစ်သိန်းနီးပါးခန့် နေထိုင်သော အင်းလေးကန်သည် ဧရိယာ ၄၄.၉ စတုရန်းမိုင်ခန့် ရှိပြီး၊ ၁၃.၅ မိုင်ခန့် ရှည်လျားကာ၊ ၇မိုင်ခန့် ကျယ်ဝန်း၏။
ဒေသခံများသည် အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် တံငါသည်လုပ်ငန်း၊ ကျွန်းမျောများဖြင့် ရေပေါ်ဥယျာဥ် စိုက်ပျိုးရေးလုပ်ငန်း၊ ယက်ကန်း ငွေထည် အစရှိသည့် လက်မှုလုပ်ငန်းများ၊ ကမ္ဘာလှည့်ခရီးသွားများအတွက် ဒေသထွက် လက်မှုပစ္စည်း၊ အမှတ်တရပစ္စည်းများနှင့် ရိုးရာအစားအစာများကို ရောင်းချသည့်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသည့် ကူးတို့လှေမောင်းသည့် လုပ်ငန်းများအပြင် မြေအိုးလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ဝါးနှင့် သစ်အချောထည်ထုတ်လုပ်ခြင်း စသည့် အသေးစားစက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှ ထွက်ရှိသော ကုန်ပစ္စည်းများကို ရေပေါ်စျေးများတွင် ရောင်းဝယ် ဖောက်ကားကြသည်။
ထိုသို့ ရိုးရာနှင့်ယှဥ်တွဲသည့် ခေတ်မီသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများသည် အင်းလေးကန်၏ သဘာဝ အရင်းအမြစ်များနှင့်အတူ၊ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးသည်။ ထို့ပြင် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်ကတည်းက ထွန်းကားခဲ့သည့် အင်းလေးဒေသရှိ ရေပေါ်စျေးများတွင် မတူညီကွဲပြားသော ဒေသခံမျိုးနွယ်စုများစွာနှင့် တွေ့ဆုံနိုင်ပြီး၊ ဒေသခံတို့၏ ဖော်ရွေမှု၊ ရက်ရောမှုနှင့်အတူ ဒေသထွက်ကုန်များကိုလည်း တွေ့မြင်နိုင်မည် ဖြစ်သည်။
လက်ဆင့်ကမ်းအမွေ
ဓာတ်ပုံဆရာ – ကျော်ကျော်ဝင်း
မိမိ၏ပတ်ဝန်းကျင်ရှိ သစ်ပင်များအပေါ် ကလေးများ မည်မျှစိတ်ဝင်စားမှု ရှိ၊ မရှိကို သတိထားမိကြပါသလား။ မိမိ သို့မဟုတ် မိမိအိမ်ရှိ ကလေးများသည် နေ့စဥ်မြင်တွေ့နေရသော ပတ်ဝန်းကျင်ရှိ သစ်ပင်များအပေါ် အမှုမဲ့ အမှတ်မဲ့ ဂရုမပြုကြတော့ဟုဆိုလျှင် သစ်ပင်များနှင့် ဆက်နွယ်နေသည့် သဘာဝပတ်ဝန်းကျင်ကို မျက်ကွယ်ပြုနေမိပြီဟု သတိချပ်သင့်သည်။
သစ်ပင်စိုက်ပျိုးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ အလုပ်တစ်ခုမျှထက် မျိုးဆက်များအကြား ပိုမိုလေးနက်သော တန်ဖိုးများ ဖလှယ်ခြင်းနှင့်အတူ လက်ဆင့်ကမ်းခြင်းကို ကိုယ်စားပြုသည်။
“ လက်ဆင့်ကမ်းအမွေ” ဟု အမည်ပေးထားသည့် ဤပုံလေးသည် ရိုးရှင်းသော်လည်း လေးနက်သော မြင်ကွင်းတစ်ခု ဖြစ်ကာ၊ မျိုးဆက်သစ်များ၏ သင်ယူမှုအနှစ်သာရနှင့်တကွ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော တန်ဖိုးများကို ဖော်ညွှန်းနေသည်။ သစ်ပင်စိုက်ပျိုးနေသည့် အဖိုးအိုသည် ဉာဏ်ပညာနှင့် အတွေ့အကြုံများကို ကိုယ်စားပြုပြီး၊ သဘာဝတရားကို ချစ်မြတ်နိုးသည့် နောင်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးလိုခြင်းအား ပြဆိုသည်။ ထိုမျှမက သစ်ပင်စိုက်ပျိုးခြင်းသည် မျှော်လင့်ချက်နှင့် ဘဝ၏ ပြုစုပျိုးထောင်ခြင်းတို့ကို ကိုယ်စားပြုပြီး ကမ္ဘာမြေကို ပြုစုစောင့်ရှောက်ရန် အရေးကြီးပုံကိုလည်း သတိပေးသည်။
ပျိုးပင်ကို ရေလောင်းပေးနေသော မိန်းကလေးငယ်သည် အပင်ကြီးထွားစေရန်အတွက် တာဝန်ယူရမည့်စိတ်ကို အမြစ်တွယ်စေကာ အဖိုးတန်သော သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အသိစိတ်ကိုလည်း ဖြစ်ပေါ်စေသည်။ ရေလောင်းရာတွင် အသုံးပြုသည့် သစ်သားအုန်းမှုတ်ခွက်သည် စွန့်ပစ်ပစ္စည်းကို ပြန်လည်အသုံးပြုထား၍ သဘာဝပတ်ဝန်းကျင်အပေါ်လေးစားမှုကို သက်သေပြုကာ ယနေ့ကမ္ဘာကြီးသည် ဂေဟစနစ်နှင့် သဟဇာတအလေ့အကျင့်များ များစွာလိုအပ်နေကြောင်း ပြသသည်။ တစ်ချိန်တည်းတွင် သစ်ပင်စိုက်ပျိုးမှုအပေါ် စိတ်ဝင်တစား ကြည့်နေသည့် ကလေးငယ်၏ စိတ်အားထက်သန်မှုသည် သဘာဝကို စူးစမ်းလိုစိတ်နှင့် သင်ယူလိုစိတ်ပြင်းပြမှုကို ထင်ဟပ်စေသည်။
ဤသည်က မျိုးဆက်သစ်လူငယ်များ၏ တန်ဖိုးများကို ပုံဖော်ရာတွင် အတွေ့အကြုံရှိ၍ ရင့်ကျက်သော၊ ပိုင်းခြားစိတ်ဖြာနိုင်သော လူကြီးများ၏ အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြသည်။ ဤအလေ့အကျင့်များသည် သဘာဝတရားကို ချစ်မြတ်နိုးရုံသာမက အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးပါမှုကိုလည်း အလေးပေးပါသည်။
သက်တမ်းရင့် သစ်ပင်တစ်ပင်သည် မိသားစုလေးယောက်အတွက် တစ်နှစ်ပတ်လုံး အသက်ရှုရန် လုံလောက်သော အောက်ဆီဂျင်ကို ပေးစွမ်းနိုင်သည်။ သစ်ပင်များ၏ အရိပ်က အပူချိန်ကို လျှော့ချပေးကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ လေနှင့် မြေပြင်၏ အေးမြမှုကို သက်ရောက်စေခြင်းဖြင့် ကမ္ဘာကြီးကို အေးစေနိုင်ပါသည်။
သဘာဝတရားအတွက် အသိပညာနှင့် လေးမြတ်မှုကို လက်ဆင့်ကမ်းလိုက်သည်နှင့်အမျှ ကလေးများသည် ရေရှည်တည်တံ့သော နေထိုင်မှု၏ အရေးပါပုံကို သိရှိလာနိုင်သည်။ သစ်ပင်များသည် သဘာဝအရင်းအမြစ်များသာမက အောက်ဆီဂျင်၊ အမိုးအကာနှင့် အလှတရားတို့ကို ပံ့ပိုးပေးသည့် လူတို့၏ဂေဟစနစ်အတွက် အရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း နားလည်လာကြမည် ဖြစ်သည်။
ဤသင်ယူမှုနှင့် တာဝန်သည် ကမ္ဘာမြေကို တည်တံ့ခိုင်မြဲစေရန်နှင့် ကမ္ဘာမြေကြီး၏ အဖိုးတန် အရင်းအမြစ်များကို တန်ဖိုးထားကာကွယ်ပေးသည့် မျိုးဆက်တစ်ခုကို ပြုစုပျိုးထောင်နိုင်ရန်အတွက် အရေးကြီးလှပေသည်။
မြူး
ဓာတ်ပုံဆရာ – သွယ်သွယ်ထွန်း
ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် ဖန်သားပြင်များသည် ကလေးများ၏ ဘဝများစွာကို လွှမ်းမိုးထားရာ ကလေးများကြား လွတ်လပ်ပေါ့ပါးစွာ သဘာဝကျကျ ကစားခြင်းမှ ရရှိသည့် ရိုးရှင်းသော ပျော်ရွှင်မှုများသည် တဖြည်းဖြည်းနှင့် မှေးမှိန်လျက်ရှိသည်။ ကမ္ဘာကြီးတွင် ကလေးများသည် နည်းပညာများ၊ မပျက်မကွက် လိုက်နာနေရသော တင်းကျပ်သည့် အချိန်ဇယားများဖြင့် ဝန်းရံလျက်၊ စာသင်ခန်း၊ အိမ်ခန်းများထဲတွင်သာ ကြီးပြင်းလာကြပြီး သဘာဝကျကျ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားမှုများ ပါးလျလာသည်ကို တွေ့ရသည်။
အသက် ၈ နှစ်အောက် ကလေးများ၏ ထက်ဝက်နီးပါးသည် ကိုယ်ပိုင်တက်ဘလက်ရှိပြီး ဒစ်ဂျစ်တယ် ဖန်သားပြင်များပေါ်တွင် နေ့စဥ် ပျမ်းမျှ ၂နာရီကျော် မွေ့လျော်နေကြသည်ဟု သုတေသန ရလဒ်များက ညွှန်ပြနေသည်။ ဤသည်က ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အားနည်းလာရုံမျှမက၊ လူမှုရေးစွမ်းရည်များနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေနိုင်သည်။
ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်အတွက် ကိုယ်လက်လှုပ်ရှား ကစားခြင်းက များစွာ အထောက်အပံ့ဖြစ်စေသည်။ သစ်ပင်တက်ခြင်း၊ လယ်ကွင်းများကို ဖြတ်ပြေးခြင်း၊ စမ်းချောင်းများထဲတွင် ဆော့ကစားခြင်နှင့် ကျောက်တုံးများပေါ်တွင် ဟန်ချက်ညီညီ လမ်းလျှောက်ခြင်း စသည်တို့သည် ကလေးများအား ပေါင်းစပ်ညှိနှိုင်းမှုနှင့် တက်ကြွမှုတို့ကို တိုးပွားစေသည်။ ပြင်ပတွင် ကိုယ်လက်လှုပ်ရှား ကစားခြင်းဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်ခြင်း၊ အဝလွန်ခြင်း စသည်တို့ကို လျှော့ချပေးပြီး သဘာဝအတိုင်း ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။
ပြင်ပပတ်ဝန်းကျင်သည် ကလေးများအတွက် သဘာဝက ပေးထားသည့် စာသင်ခန်းတစ်ခုဖြစ်သည်။ မတူကွဲပြားသော မြင်ကွင်းများ၊ အသံများနှင့် အသွင်အပြင်များသည် ၎င်းတို့၏ အာရုံခံစားမှုများကို လှုံ့ဆော်ပေးပြီး မှတ်ဥာဏ်စွမ်းရည်ကို မြှင့်တင်ပေးသည်။ ရိုးရာကစားနည်းများကို ကလေးအချင်းချင်း အတူတကွ ကစားခြင်းဖြင့် သဘာဝပတ်၀န်းကျင်ကို စူးစမ်းလိုစိတ်၊ အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်လိုစိတ်၊ စွန့်စားလိုစိတ်၊ လွတ်လပ်မှု၏ အရသာ၊ ပေါင်းသင်းဆက်ဆံရေး၊ ပြဿနာဖြေရှင်းခြင်းနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ တီထွင်ဖန်တီးမှုနှင့် စိတ်ကူးဉာဏ် စသည်တို့ကို မြှင့်တင်ပေးပါသည်။
ကျေးလက်ဒေသများတွင် သဘာဝအရင်းအမြစ်များ ပေါများခြင်းကြောင့် ကွဲပြားသော တောတောင် ရေမြေပေါ်မူတည်၍ ဒေသရိုးရာကစားနည်းများစွာကို တီထွင်ဖန်တီး ကစားနိုင်ကြသည်။ ရေကန်များ၊ လယ်ကွင်းများ၊ စမ်းချောင်းလေးများ စသည့် စူးစမ်းရှာဖွေရန်နှင့် စွန့်စားမှုအတွက် မရေမတွက်နိုင်သော နေရာများ ရှိနေခြင်းက ကျေးလက်ဒေသရှိ ကလေးများအတွက် မြို့ပြရှိကလေးများထက် သဘာဝကျကျ လွတ်လပ်ပေါ့ပါးစွာ ကစားနိုင်ရန် အခွင့်အရေး ပိုရစေသည်။
ကလေးများ အချင်းချင်း ရေကန်ထဲတွင် ရေကူးရင်း ဆော့ကစားနိုင်သည်။ သစ်ပင်များပေါ်တက်၍ သစ်သီးများ ခူးဆွတ်နိုင်သလို၊ အနီးတစ်ဝိုက်ရှိ ပိုးကောင်များ၊ ကျေးငှက်များကို လေ့လာနိုင်သည်။ ရွှံ့တောထဲ လူး၍၊ ရွှံ့များဖြင့် အရုပ်များပြုလုပ်၍ ပျော်ရွှင်စွာ ကစားနိုင်သည်။ သဲပြင်တွင် သဲအိမ်လေးများ တီထွင်ဖန်တီး ဆောက်လုပ် ကစားနိုင်သည်။ ဤသည်က ကလေးများအား ကမ္ဘာမြေကြီးအပေါ် စိတ်ဝင်စားမှု၊ လေးစားမှုတို့ တိုးပွားလာစေကာ စာနာမှု၊ ကျေးဇူးသိတတ်မှုနှင့် သဘာဝကို ချစ်မြတ်နိုးတတ်စေရန် အကူညီပေးသည်။
ကလေးများသည် ပြင်ပပတ်ဝန်းကျင်နှင့် ထိတွေ့မှုများလာခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်၏ ဂေဟစနစ်များကို စူးစမ်းနားလည်လိုစိတ်ဖြင့် ပိုမိုတန်ဖိုးထားတတ်လာကာ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အနာဂတ်တွင် လှုံ့ဆော်သူများ ဖြစ်လာမည့် အခွင့်အလမ်းကို ဖန်တီးပေးသည်။ ဤသည်က ကျန်းမာသောကလေးများ၏ ဘဝဖွံ့ဖြိုး တိုးတက်မှုအတွက် ကမ္ဘာမြေနှင့် ကလေးများအကြား အနှစ်သာရ ပြည့်ဝသည့် အရေးကြီးလှသော ပေါင်းကူးမှုကို ဖြစ်ပေါ်စေသည်။
ခေတ်သစ်ဘဝတွင် ကလေးများအပေါ် ဒစ်ဂျစ်တယ်လွှမ်းမိုးမှုများကို ဟန်ချက်ညီအောင် ထိန်းညှိရန်အတွက် ပြင်ပကစားခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုရန် အလွန်အရေးကြီးပါသည်။ ကလေးများကို ဒစ်ဂျစ်တယ်ဖန်သားပြင်မှ ဆွဲခွာ၍ သဘာဝတွင် အချိန်ဖြုန်းရန်၊ တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပျော်“မြူး“နိုင်စေရန် အားပေးခြင်းသည် ၎င်းတို့၏ ဘဝအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးခြင်းပင် ဖြစ်သည်။
နည်းပညာနှင့် သဘာဝတရားတို့ကြား ညီညွတ်မျှတသော ဟန်ချက်ညီမှုကို ရှာဖွေခြင်းဖြင့် ကလေးများ၏ နေ့စဥ် ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲစေပြီး ဘက်စုံကောင်းမွန်သော လူတစ်ဦးချင်းစီအဖြစ် ရှင်သန် ကြီးထွားလာစေမည် ဖြစ်သည်။
အညာအလှ အညာဘဝ
ဓာတ်ပုံဆရာ – အောင်ချမ်းသာ
ရုက္ခဗေဒအမည် Borassus Flabellifer ဟု ခေါ်ဆိုသည့် ပူပြင်းခြောက်သွေ့သော ရာသီဥတုမျိုးကို နှစ်သက်သည့် ထန်းပင်များကို မြန်မာနိုင်ငံ မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းတို့တွင် အများဆုံး တွေ့ရှိနိုင်သည်။
‘နွေဦးကာလ၊ မြူထသောခါ၊ ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့၊ တက်သည်နှင့်လေး’ ဟု ဝန်ကြီးပဒေသရာဇာက သူ၏ ‘ထန်းတက်သမားဖွဲ့ တျာချင်း’ တွင် ရေးဖွဲ့ခဲ့သည်။ ထန်းရည်နှင့် ထန်းလျက်က ချိုပေသော်ငြား ထန်းသမားများနှင့် သူတို့မိသားစုများ၏ ဘဝကား ပင်ပန်း ခက်ခဲလှ၏။ အမြင့်ပေ ၆၀ မှ ၈၀ အထိ မြင့်မားသည့် ထန်းပင်ထိပ်ဖျားများဆီသို့ မြူအိုးများကို လွယ်လျက် ထန်းလှီးဓား၊ ဝါးတစ်ရိုက်အရှည်ရှိ ရင်းထောင်ကြီးများကို ထမ်းမပြီး တက်ရသည်။ ထန်းပင်တစ်ပင်မှ တစ်ပင်သို့ကူး၍ ထန်းပင်ပေါင်းများစွာကို ထန်းလှီး၊ ထန်းပြင်ကာ အသက်မွေးဝမ်းကျောင်း ပြုကြရသည်။
ထန်းပင်ထန်းတောများက ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းအတွက်သာ အထောက်အပံ့ရရှိနိုင်သည် မဟုတ်ပေ။ ထန်းပင်မှ စားသောက်ဖွယ်ရာများသာမက အသုံးအဆောင်ပစ္စည်းများစွာကိုပါ ရရှိနိုင်သည်။ စားစရာအဖြစ် ထန်းလျက်၊ ထန်းသီးမုန့်၊ ထန်းပင်မြစ်၊ ထန်းသီးဆန်တို့ကို စားသုံးနိုင်ပြီး၊ ထန်းရည်ကို ယမကာအဖြစ် သောက်သုံးနိုင်သည်။ ထန်းလက်ကြောဖြင့် တောင်းများ၊ ပလုံးများ၊ ထန်းခေါက်ဖာ အစရှိသည့် ထန်းပင်ထွက် လူသုံးကုန်ပစ္စည်းများ ရက်လုပ်နိုင်သည်။ ထန်းဖူးဖြင့် အရုပ်များ ဘူးခွက်များ ပြုလုပ်နိုင်ပြီး၊ ထန်းရွက်ဖြင့် ဇာတာဖွဲ့နိုင်သည်။ ထန်းလက်ဖြင့် ကုလားထိုင်၊ ထန်းရွက်ဖြင့် ကျေးလက်နေအိမ်များအတွက် အမိုးအကာများအဖြစ် အသုံးပြုနိုင်ပြီး၊ ပင်စည်ကို အိမ်တိုင်၊ ထုတ်တန်း၊ ယက်မ၊ ရေတံလျှောက်၊ နွားစာခွက်များမှသည် အိမ်ထောင် ပရိဘောဂများအထိ ပြုလုပ်နိုင်သည်။
ထန်းပင်တစ်ပင်သည် လူသားများ နေထိုင်ရာ သဘာဝပတ်ဝန်းကျင်၏ ရာသီဥတု သမမျှတစေရန်အတွက်လည်း များစွာ အကျိုးပြုပေသည်။ ပူပြင်းခြောက်သွေ့လှသည့် မိုးခေါင်ရပ်ဝန်း အညာဒေသတွင် တစ်မျှော်တစ်ခေါ် လှမ်းမြင်နေရသည့် ထန်းပင်ထန်းတောများသည် အညာဒေသ၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များကို ထိန်းညှိပေးနိုင်၍ ဒေသအတွက် လွန်စွာ အရေးပါလှသည့်၊ သဘာဝက ပေးအပ်ထားသော အဖိုးတန်သယံဇာတအရင်းအမြစ်များ ဖြစ်ပေသည်။ သို့ဖြစ်၍ တန်ဖိုးရှိလှသည့် မြန်မာ့ထန်းပင်ထန်းတောများ အရှည်တည်တံ့ရှင်သန်နေစေရန်အတွက် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားရန် အထူးပင် လိုအပ်လှပေသည်။
သာမောဖွယ် ပုဂံမြေ
ဓာတ်ပုံဆရာ – ဇော်ဇော်ကောင်းစံ
‘လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း’ ဟူသော အဆိုကို ကြားလိုက်မည်ဆိုလျင် ဘုရားပုထိုးပေါင်း ၄၄၄၆ ဆူအထိ ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနှင့် တူရင်းတောင်ကြားတွင် တည်ရှိသည့် ဧရိယာစတုရန်းမိုင် ၁၄၂၉၅ မိုင် ကျယ်ဝန်းသော ပုဂံကို မှန်းမြင်မိကြပေမည်။ ပုဂံသည် ကမ္ဘာသိထင်ရှားကာ ပြည်တွင်း ပြည်ပ ခရီးသွားများ အများဆုံး လာရောက်လည်ပတ်သော ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိ ရှေးဟောင်းဘုရားဂူပုထိုးများ၊ စေတီများနှင့် ရှေးဟောင်းအမွေအနှစ်များ အပေါများဆုံးနှင့် အထူထပ်ဆုံး လက်ညှိုးထိုးမလွဲ တည်ရှိရာဒေသလည်း ဖြစ်သည်။
ပုဂံသည် အနော်ရထာမင်းလက်ထက်တွင် တည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်၊ မြန်မာ့အင်ပါယာ၏နှလုံးသား ဖြစ်ခဲ့ပြီး၊ ထေရဝါဒဗုဒ္ဓဘာသာအတွက် အရေးပါသော အချက်အချာ နေရာတစ်ခု ဖြစ်သည်။၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့ဖလှယ်ရာ အဓိကကျသည့် ယဥ်ကျေးမှု ပြယုဂ်ဖြစ်သော ပုဂံရှိ ဘုရားကျောင်းများနှင့် ဘုရားပုထိုးများသည် ဗိသုကာလက်ရာများ၊ အနုစိတ်လက်ရာများနှင့် ရင်သပ်ရှုမောဖွယ် နံရံဆေးရေးပန်းချီများကြောင့် ကျော်ကြားသည်။ စေတီပုထိုးများ၊ ရှေးဟောင်းယွန်းထည်လက်မှုပညာများ၊ သမိုင်းဝင် အမွေအနှစ်များစွာတည်ရှိသည့် ပုဂံအား (၄၃) ကြိမ်မြောက် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုခြင်း ခံခဲ့ရသည်။
ကြွယ်ဝသော ယဉ်ကျေးမှု အမွေအနှစ်များ၏ သင်္ကေတတစ်ခုဖြစ်သည့် ယနေ့ပုဂံသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှ ဧည့်သည်များသည် ရင်သပ်ရှုမောဖွယ် နေထွက်ချိန်နှင့် နေဝင်ချိန်များကို စောင့်ကြည့်ရန်၊ ဘုရားပုထိုးများကို စူးစမ်းရန်နှင့် မြန်မာ့ရှေးဟောင်း သမိုင်းကြောင်းကို လေ့လာရန် လာရောက်ကြသည်။ ပုဂံသည် ဘာသာရေးဆိုင်ရာ အရေးပါမှု၊ ဗိသုကာလက်ရာအလှများနှင့် သမိုင်းဝင်အရေးပါမှုတို့ ပေါင်းစပ်ထားသောကြောင့် ဘုရားဖူးများနှင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်သည် ၎င်းနိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ သမိုင်း၊ ဓလေ့ထုံးတမ်းများနှင့် တန်ဖိုးများကို ကိုယ်စားပြုသည့် အခြေခံအုတ်မြစ် ဖြစ်ပြီး၊ နိုင်ငံအတွက် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ်ဟု ဆိုရာတွင် ဘာသာစကား၊ အနုပညာနှင့် ဂီတမှသည် သမိုင်းဝင် အထင်ကရနေရာများနှင့် ဘာသာရေးဆိုင်ရာ အလေ့အကျင့်များအထိ ပါဝင်သည်။ ယဉ်ကျေးမှုအမွေအနှစ်များသည် အမျိုးသားရေးအရ ဂုဏ်ယူစရာ၊ တန်ဘိုးထားစရာဖြစ်ပြီး၊ နှောင်းလူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်များ အတိတ်တွင် မည်သို့ ရုန်းကန်ခဲ့ရသည်၊ မည်မျှ အောင်မြင်မှုများ ရရှိခဲ့သည်ကို မှတ်ကျောက်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ နိုင်ငံအတွက် ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်၍ အရေးပါပြီး တန်ဖိုးရှိသော ပိုင်ဆိုင်မှုတစ်ခုလည်း ဖြစ်သည်။
ခေတ်သစ်ကမ္ဘာတွင် ယဉ်ကျေးမှုအမွေအနှစ်များသည် ဂလိုဘယ်လိုက်ဇေးရှင်း၊ မြို့ပြများချဲ့ထွင်လာခြင်းနှင့် လျစ်လျူရှုခြင်းတို့အပါအဝင် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေရသည်။ သမိုင်းဝင်နေရာများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည့် စည်းမျဥ်းစည်းကမ်းများ စနစ်တကျချမှတ်ကာ အဖွဲ့အစည်းများ၊ ကျောင်းများနှင့် ရပ်ရွာလူထုများသည် အဆိုပါ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် မည်မျှအရေးကြီးကြောင်းနှင့် တာဝန်ရှိကြောင်း အသိပညာပေးရန် လိုအပ်သည်။
နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကဲ့သို့ တန်ဖိုးကြီးမားလှသဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို သဘာဝဘေးအန္တရာယ်များနှင့် လူသားတို့၏ရန်မှ ကာကွယ်ရန်၊ ရေရှည်တည်တံ့ပြီး မပျောက်ပျက်စေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်ပေသည်။ ယဥ်ကျေးမှုအမွေအနှစ်များကို တန်ဘိုးထား ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် လူမျိုးတစ်မျိုး၏ ရိုးရာဓလေ့ ထုံးတမ်းစဥ်လာတို့ကို ထိန်းသိမ်းနိုင်ပြီး အနာဂတ်မျိုးဆက်များသို့ လက်ဆင့်ကမ်း သယ်ဆောင်နိုင်မည် ဖြစ်သည်။
ကြာစွယ်ကြာရိုး
ဓာတ်ပုံဆရာ – ရဲဝင်းညွန့် (အင်းလေး)
ကြာပန်းသည် သီတင်းကျွတ်လ၏ ရာသီပန်းဖြစ်သည်။ ကြာပင်သည် ရေကန်များ၊ အင်းအိုင်များ၊ ချောင်းရိုးကမ်းစပ်များတွင် ပေါက်ပြီး ကြာပင်၏အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ကာ ရှင်သန်ရသည်။ ကြာပွင့်များသည် ကြာရွက်ဝိုင်းများကြားမှ ရေပြင်ပေါ်တွင် ငွားငွားစွင့်စွင့် ပွင့်ကြကာ ပွင့်ညှာတစ်ခုတွင် ကြာပွင့်တစ်ပွင့်သာ ပွင့်လေ့ရှိသည်။
ကြာပွင့်တွင် ပွင့်ချပ်နှင့် ပွင့်ဖတ်ပေါင်း များပြားစွာ ပါဝင်ပြီး၊ ကြာရွက်များက လေနှင့် အလင်းရောင်ကို သိုမှီးကာ၊ သတ္တုဓာတ်နှင့် ရေတို့ကိုကား အမြစ်များက စုပ်ယူကြသည်။ ကြာပွင့်များမှာ အဖြူ၊ အဝါ၊ အပြာ၊ အညို၊ အနီ စသည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။ အများအားဖြင့် ကြာဖူးများသည် နံနက်အရုဏ်တက်ချိန်တွင် ပွင့်ကြ၍ ညနေ နေဝင်ခါနီးတွင် ပြန်၍ ငုံသွားတတ်ကြသည်။ ကြာပွင့်၏ အလယ်တွင် ကြာခွက်ကလေးများ ရှိသည်။ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေကျပြီးနောက် ကြာခွက်သည် တဖြည်းဖြည်း ကြီးရင့်လာသည်။
မည်သည့် ရာသီဥတုတွင်မဆို ပေါက်ရောက်ရှင်သန်နိုင်သည့် ကြာပင်သည် အမြစ်မှ အရွက်ထိတိုင် အသုံးဝင်သည်။ ကြာစေ့အား သရေစာအဖြစ်လည်းကောင်း၊ ကိတ်မုန့်များတွင် ထည့်သွင်း၍ လည်းကောင်း၊ ကြာရိုးအား ဟင်းချိုအဖြစ် လည်းကောင်း စားသုံးကြသည်။ ကြာဖက်ကို အသား ငါး ထုပ်ပိုးရန် အသုံးပြုနိုင်ပြီး၊ ကြာပင်၊ ကြာမြစ်အား အခြောက်လှမ်း၍ အအေးမိ၊ ဖျားနာ၊ သွေးမတိတ်သည့် ဝေဒနာများအတွက် တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြသည်။
မြန်မာလူမျိုးအစဉ်အဆက် နှစ်သက်တန်ဖိုးထားခဲ့သည့် ကြာနီ၊ ကြာညို၊ ကုမုဒြာကြာ၊ ပဒုမ္မာကြာ၊ ကြာပုဏ္ဍရိတ် ဟူသည့် ကြာမျိုးငါးပါးသည် ဗုဒ္ဒဘာသာနှင့် ဟိန္ဒူဘာသာ၀င်များ အထွတ်အမြတ်ထားသည့် ပန်းဖြစ်ကာ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် အမှတ်သင်္ကေတတစ်ခုဖြစ်ပေသည်။ ရှေးမြန်မာဘုရင်များ လက်ထက်က ကြာပန်းကို ကျေးဇူးသိတတ်ခြင်း၊ ဘေးအန္တရာယ်ကင်းခြင်းနှင့် ပတ်သက်သော အထိမ်းအမှတ်အဖြစ် မင်းတို့၏ ပလ္လင်များ၌ ကြာရိုး၊ ကြာရွက်၊ ကြာပွင့်၊ ကြာချပ်တို့ကို ထည့်သွင်း ထုလုပ်ခဲ့ကြသည်။ လှပ၍ သင်းပျံ့သော ရနံ့ရှိသည့် ကြာပန်းများကို လူမျိုးဘာသာမရွေး နှစ်ခြိုက်ကြကာ စီးပွားဖြစ်စိုက်ပျိုးကြသကဲ့သို့၊ အိမ်ခြံ၀င်းအတွင်း အလှဆင်စိုက်ပျိုးခြင်းလည်း ရှိကြသည်။
ရှမ်းပြည် အင်းလေးကန်အနီးတစ်ဝိုက်တွင်မူ ကြာပန်းပင်စိုက်ပျိုးခြင်းသည် တစ်မူထူးခြားသော ဒေသန္တရလုပ်ငန်းတစ်ခု ဖြစ်လာသည်။ ဒေသတွင်းရှိ လက်မှုရက်ကန်းလုပ်ငန်းအဖြစ် ကြာပင်မှထွက်သည့် နူးညံ့သော ချည်မျှင်ဖြင့် ကြာထည်များကို ရက်လုပ်ကြသည်။ သံဃာတော်များအတွက် ကြာသင်္ကန်းများ ရက်လုပ်၍ မသိုးသင်္ကန်း ကပ်လှူကြသည်။ ကြာထည်ဖြင့် ရက်လုပ်ထားသည့် ပဝါများ၊ ကြာချည်ထည်များသည် တန်ဘိုးကြီးလှ၍ အမြတ်တနိုး ဝယ်ယူအသုံးပြုကြသည်။ ကြာပန်းပိုးထည်များ ထုတ်လုပ်မှုသည် ရိုးရာလက်မှုပညာကို ထိန်းသိမ်းရုံသာမက ကျေးလက်နေပြည်သူများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသည်။
ကြာပန်းပင်များသည် ဂေဟစနစ်တွင် မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်နေပြီး ရေနေသတ္တဝါများအတွက် အရိပ်ပေးခြင်း၊ ရေအပူချိန်ကို ထိန်းညှိပေးခြင်းအပြင် ရေညှိကြီးထွားမှုကို လျှော့ချခြင်းဖြင့် ရေ၏အရည်အသွေးကိုပါ ထိန်းသိမ်းပေးသည်။ အင်းလေးကန်ကဲ့သို့သော ရေပြင်များတွင် ကြာပန်းများသည် ငါးနှင့် အခြားရေနေ မျိုးစိတ်များအတွက် ကျက်စားရာနေရာများ ထောက်ပံ့ပေးခြင်းဖြင့် ဂေဟဗေဒ ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် ကူညီပေးသည်။ အပင်၏အမြစ်များသည် ကန်အောက်ခြေရှိ မြေဆီလွှာတိုက်စားမှုကို လျှော့ချပေးပြီး ရေအရည်အသွေးကို မြှင့်တင်ပေးသည်။
ကြာပန်းသည် ပတ်ဝန်းကျင် မျက်စိပသာဒ လှပစေရန်အတွက်မျှသာမက၊ ဒေသတွင်း လက်မှုစီးပွားအဖြစ် လုပ်ဆောင်နိုင်ပြီး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်ပါ အထောက်အပံ့ ဖြစ်စေသည့် အထင်ကရ ဂန္ဓဝင်ပန်းတစ်မျိုး ဖြစ်သည်။
စပါးရွှေဝါ
ဓာတ်ပုံဆရာ – ကျော်ကျော်ဝင်း
တောင်စောင်းများတစ်လျှောက် မြေပေါင်အဆင့်ဆင့်ဖြင့် စိုက်ပျိုးထားသည့် ရွှေရောင်ဝင်းမှည့်နေသည့် တစ်မျှော်တစ်ခေါ် စပါးစိုက်ခင်းများသည် သဘာဝက ဆေးပန်းချီရေးခြယ်ပေးထားသည့် လက်ရာမြောက် ပန်းချီကားချပ်တစ်ချပ်နှင့် ပမာတူသည်။
သာယာလှပသော တောင်ကုန်းတောင်တန်းဒေသများတွင် ရှေးကာလကတည်းက စိုက်ခင်းများ ရှိခဲ့သော်လည်း မတ်စောက်သော တောင်စောင်းများနှင့် မညီညာသော မြေပြင်များသည် မိရိုးဖလာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဒေသခံများအတွက် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ မကြာခဏ မြေဆီလွှာတိုက်စားမှုကြောင့် မြေဩဇာလျော့နည်းမှုများ ကြုံတွေ့ကြရ၍ တောင်ယာများကို အတည်တကျ မရှိဘဲ သင့်တော်ရာနေရာသို့ ရွှေ့ပြောင်းစိုက်ပျိုးခဲ့ကြရသည်။
ယခုခေတ်တွင်မူ တောင်သူအများအပြားသည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရန် မလိုအပ်တော့ဘဲ တောင်စောင်းများပေါ်တွင် လှေကားထစ်ဖြင့် နှစ်ရှည်စိုက်ပျိုးနိုင်သည့် နည်းကို ပြောင်းလဲကျင့်သုံးနေကြပြီ ဖြစ်သည်။ တောင်ပေါ်ဒေသများတွင် လှေကားထစ်ပုံစံ စိုက်ကွက်ဧရိယာများအား အဆင့်လိုက် အလျားလိုက် ပုံဖော်ဖန်တီး၍ သီးနှံများ ထွန်ယက်စိုက်ပျိုးကြသည့် တောင်ယာစိုက်ပျိုးရေးနည်းစနစ်တစ်ခု ဖြစ်သည်။
စိုက်ပျိုးရန်အတွက် အဝီစိတွင်းရေ၊ ချောင်းရေ စသည်တို့ကို တောင်ပေါ်အထိ သွယ်၍ တင်ရန်မလိုပေ။ တောင်စောင်းများရှိ လှေကားထစ်များတွင် ရေထွက်ပေါက်လေးများအား ကန်ငယ်လေးများအဖြစ် ရေပြင်ညီညှိကာ မြေပေါင်များကို ပြုလုပ်ရသည်။ မိုးရွာစဥ် တောင်စောင်းများမှ၊ သစ်ပင်သစ်တောများမှ စီးဆင်းလာသော မိုးရေများသည် လှေကားထစ်မျက်နှာပြင်များတစ်လျှောက် အလျင်အမြန် မစီးဆင်းတော့ဘဲ မြေဆီလွှာထဲသို့ ရေကို တဖြည်းဖြည်း စိမ့်ဝင်စေကာ မြေပေါင်သည် မြေအောက်ရေဖြင့် အစိုဓာတ်ကို ထိန်းထားပေးသည်။ ထိုမှ လျှံကျလာသည့်ရေကို ဝါးပိုးဝါး၊ ရေပိုက်၊ မြောင်းငယ်များဖြင့် ဖောက်လုပ်သွယ်တန်းကာ၊ အမြင့်ဆုံး လှေကားထစ်ရှိ ရေထွက်ပေါက်မှရေကို တဖြည်းဖြည်းချင်း အောက်လှေကားထစ်များဆီသို့ ရေမြောင်းလေးများမှ တစ်ဆင့်ချင်း ဖောက်ချ၍ စိုက်ပျိုးပင်အတွက် ရေသွယ်ခြင်းဖြင့် စိုက်ပျိုးကြသည်။
လှေကားထစ်စိုက်ခင်းများတွင် စပါးအပါအဝင် ပဲ၊ ပြောင်း၊ ဂျုံ၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်များနှင့် ပန်းမန်များကိုလည်း စိုက်ပျိုးနိုင်ပြီး တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လှေကားထစ်စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးကြသည်။
လှေကားထစ်စိုက်ပျိုးခြင်းသည် စိုက်ပျိုးရေးနည်းလမ်းတစ်ခုမျှသာ မဟုတ်။ မြေဆီလွှာတိုက်စားမှုနှင့် သစ်တောပြုန်းတီးမှုကို တားဆီးကာကွယ်ပေးခြင်းဖြင့် သဘာဝအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ အသုံးပြုရန် မြှင့်တင်ပေးပါသည်။ လှေကားထစ်များသည် မတူကွဲပြားသော ဂေဟစနစ်များကို ဖန်တီးစေကာ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးအတွက် နေထိုင်စရာနေရာများ ပံ့ပိုးပေးပြီး ဒေသ၏ ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအလှများကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူပြုပါသည်။
တောင်တန်းဒေသများတွင် နေထိုင်သော ဒေသခံတောင်ယာသမားများအတွက် လှေကားထစ်စိုက်ပျိုးရေးသည် အခြေခံ စားနပ်ရိက္ခာဖူလုံစေသည့်အပြင်၊ တစ်ဖက်တွင် မိမိတို့ ဒေသရှိ သဘာဝပတ်ဝန်းကျင်ကို တစ်နိုင်တစ်ပိုင် ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်ပေသည်။ ထို့ပြင် သဘာဝအလှတရားကို ဖန်တီးပေးနိုင်၍ Ecotourism – စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများကိုပါ ဖော်ဆောင်နိုင်သည်။
ရိတ်သိမ်းချိန်
ဓာတ်ပုံဆရာ – မင်းမင်းဇော်
ဆန်စပါးသည် တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် အလွန်အရေးကြီးသော ထွက်ကုန်ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကထား စားသုံးသော နိုင်ငံဖြစ်၍ အလွန်အရေးပါသော သီးနှံလည်း ဖြစ်သည်။
တောင်သူလယ်သမားများအတွက် ရာသီအလိုက် စိုက်ပျိုးထားသမျှ ရိတ်သိမ်းရမည့်အချိန်သည် လပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုနှင့် မျှော်မှန်းချက်တို့၏ အထွတ်အထိပ်ဖြစ်သည်။ နဖူးကချွေး ခြေမအထိ စီးကျအောင် ပင်ပန်းစွာ မျိုးစေ့ချ၊ ထွန်ယက်စိုက်ပျိုးထားသမျှ ရလဒ်အဖြစ် အသီးအပွင့်များ ဝေဝေဆာဆာဖူးပွင့်သည့် ရိပ်သိမ်းချိန်သည် တောင်သူလယ်သမားကြီးများအတွက် ပင်ပန်းခဲ့သမျှ အမောပြေရသည့်အချိန် ဖြစ်သည်။
စပါးစိုက်ပျိုးရာတွင် လယ်သမားကြီးများသည် မျိုးရွေး၊ မြေပြုပြင်၊ ပျိုးထောင်သည်မှစ၍ စပါးများရင့်မှည့်၍ မောင်းညိုချိန် ရိတ်သိမ်းသည့်အလယ်၊ သိုလှောင်သိမ်းဆည်းသည်အထိ အဆင့်ဆင့် လုပ်ဆောင်ကြရသည်။ မိရိုးဖလာနည်းအရ ကောက်နှံဝင်းဝါစ စပါးပင်များ ရင့်မှည့်ချိန် ရိတ်သိမ်းကြသည်။ ထိုသို့ မရိတ်သိမ်းခင် ကောက်လှိုင်းများကို ဦးစွာ နေလှန်းရသည်။ စပါးရိတ်ရာတွင် တံစဥ်ကို အသုံးပြုကြပြီး ၃ကြိမ်ရိတ်လျင် တံစဥ်ဖြင့် တစ်ခါကော်၍၊ ၃ခါကော်လျင် ကောက်လှိုင်းတစ်စည်းရသည်။ လယ်သမားတစ်ဦးသည် နေ့စဥ် တစ်ဧက၏ လေးပုံတစ်ပုံကို ရိတ်သိမ်းနိုင်ပြီး၊ ရိတ်သိမ်းခြင်း လုပ်ငန်းစဥ်အဆင့်ဆင့်ကို လျင်မြန်စွာ လုပ်ဆောင်နိုင်လေလေ စပါးအလေအလွင့် နည်းလေလေ ဖြစ်သည်။
ရိတ်သိမ်းထားသည့် ကောက်လှိုင်းများကို ကြိုးဖြင့် စည်းနှောင်ပြီး နေရောင်အောက်တွင် နှစ်နေ သုံးနေခန့် နေပြရသည်။ နေလှန်းပြီးသော ကောက်လှိုင်းများကို စပါးတလင်းသို့ လယ်ထွန်စက်များ၊ ထော်လာဂျီများ အသုံးပြု၍ သယ်ယူရပြန်သည်။ စပါးနယ်လှေ့ရန်အတွက် တလင်းအနီးဝန်းကျင်တွင် ကောက်ဆိုင်ပုံများ ပြုလုပ်၍ သီတင်း သုံးပတ်ခန့်အထိ ထားကြသည်။ တလင်း၏ မျက်နှာပြင်သည် ညီညာပြန့်ပြူးကာ အမြင့်ပိုင်းတွင် ရှိရမည်ဖြစ်ပြီး တလင်းမြေသားမာနေစေရန် ရေလောင်း၍ ကျွဲနွားတို့ဖြင့် အကြိမ်ကြိမ် တလင်းခေါက်ရသည်။ ထို့နောက် နွားချေးနှင့် ရွှံ့စေး ရောစပ်၍ တလင်းမျက်နှာပြင်ကို လိမ်းကျံပေးရပြန်သည်။
တလင်းပြင် အသင့်ဖြစ်ပြီဆိုပါက တလင်းပေါ်တွင် ကောက်နှံများကို အစောင်းလိုက် အုံးခွေထားရသည်။ ပြီးလျင် ရိတ်ပြီး စီထပ်ထားသော ကောက်လှိုင်းများအပေါ် နွားကို လှည့်ပတ်မောင်း၍ မိရိုးဖလာနည်းအရ ခြွေလှေ့ကြ၊ စပါးနယ်ကြရသည်။ ထိုသို့ နယ်နေစဥ် ကောက်ဆွဖြင့် စပါးများကို အထက်အောက် လှန်ပေးရပြီး ကောက်ရိုးနှင့်စပါး သီးခြားစီ ဖြစ်သွားသည်အထိ နယ်ရ၏။ လူအားဖြင့် ခြွေလှေ့ပါက တစ်နေ့ ၄နာရီ လှေ့လျင် ၃ရက်အတွင်း စပါးတင်း၆၀ခန့် လှေ့နိုင်သည်။ ခြွေလှေ့ပြီးသော စပါးများကို လှေ့စင်တွင် တင်၍ လည်းကောင်း၊ ဆန်ကောဝိုင်းထိုး၍ လည်းကောင်း သန့်စင်ကြရပြန်သည်။ သန့်စင်ပြီးသော စပါးများကို အစိုဓာတ်လျော့သွားစေရန် နေလှန်းပြီးလျှင် အိတ်များ၊ မြေအိုးများ၊ ပုတ်များ၊ စပါးကျီများထဲတွင် သိုလှောင်ကြရသည်။
ဆန်စပါးစိုက်ပျိုးခြင်းသည် တောင်သူလယ်သမားများအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုသာမက ၎င်းတို့၏ ယဉ်ကျေးမှု၊ စားဝတ်နေရေးနှင့် ရှင်သန်မှုတို့နှင့်ပါ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေသော ဘဝနေထိုင်မှုပုံစံတစ်ခုဖြစ်သည်။ သို့သော်လည်း မျိုးစေ့မှသည် ရိတ်သိမ်းရန်အချိန်ထိ ကာလအား ပင်ပန်းစွာ ဖြတ်သန်းကြရသည်။ ယနေ့ စက်မှုလယ်ယာခေတ်တွင် ကျွဲနွားများအစား ခေတ်မီစိုက်ပျိုးစက်၊ ခြွေလှေ့စက်များကို အစားထိုး အသုံးပြုလာကြ၍ အချိန်ကုန်လူပန်း သက်သာရာ ရလာကြသည်။
စပါးရိတ်သိမ်းပြီးပါက တောင်သူလယ်သမားများသည် မိသားစုအတွက် ဝမ်းစာဖယ်ပြီးလျင် ပိုလျှံသည်များကို ပြည်တွင်းဈေးကွက် သို့မဟုတ် ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်။ လယ်သမားတစ်ဦး၏ဘဝသည် ကြိုးစားအားထုတ်မှု၊ ခံနိုင်ရည်နှင့် စေတနာတို့ဖြင့် ဖွဲ့စည်းထားသည်။ စပါးစိုက်ပျိုးခြင်းသည် တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်ဆောင်၍ ရသည်မဟုတ်။ ကောက်စိုက်ချိန်နှင့် ကောက်ရိတ်ချိန်များတွင် ကျေးလက်ပျိုဖြူများအုပ်စုဖွဲ့ကာ ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးကြ၍ လူမှုအသိုင်းအဝိုင်းကြား ခင်မင်ရင်းနှီးမှုခိုင်ခံ့စေကာ စည်းလုံးညီညွတ်မှုကိုပါ တိုးပွားစေသည်။