ကမ္ဘောဇဘဏ်၏ ၂၀၂၄ ပြက္ခဒိန် စာမျက်နှာအသစ်များ

ကမ္ဘောဇဘဏ်၏ ယခုနှစ် စားပွဲတင်ပြက္ခဒိန်ကို ဖန်တီးထုတ်လုပ်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထားဖော်ဆောင်ထားပါသည်။ ရောင်စုံဓာတ်ပုံများ ပုံနှိပ်ခြင်းအစား ကောက်ကြောင်းခြစ် အနုပညာဟန် အသုံးပြုထားခြင်းဖြင့် မင်အသုံးပြုမှုနှင့် စွန့်ပစ်မှုဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုများကို ၃၅% ထိ ခန့်မှန်း လျှော့ချနိုင်မည်ဖြစ်ပါသည်။ ပလတ်စတစ်မဟုတ်သော သံကွင်းအနှောင့်ကို အသုံးပြုထားခြင်း၊ စာမျက်နှာများကို ပလတ်စတစ် မလောင်းထားခြင်းတို့ကြောင့် စွန့်ပစ်ပစ္စည်းမှ ပြန်လည်အသုံးပြုနိုင်စွမ်းကို  တိုးမြင့်စေပါသည်။ ထို့ပြင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးမှုအစား စွန့်ပစ်စက္ကူများမှ ပြန်လည်ထုတ်လုပ်ထားသောစက္ကူကို ပြောင်းလဲအသုံးပြုထားပါသည်။ ၂၀၂၄ ခုနှစ် စားပွဲတင်ပြက္ခဒိန်သည် နေ့ရက်များကို ဖော်ပြပေးရုံသက်သက်မကဘဲ ပိုမိုစိမ်းလန်းစိုပြည်သော မြေကမ္ဘာကို ဖန်တီးတည်ဆောက်လိုသော စိတ်ဆန္ဒကို ဖော်ညွန်းလျက်ရှိပါသည်။ စာမျက်နှာတိုင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့ တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်အားထုတ်မှု၏ ခြေလှမ်းအစပင် ဖြစ်ပါသည်။

ကရဝိက်ဖောင်တော်ဦး

Photographer : Kyaw Zaw Lay

လူလေးရဲ့ ချော့စရာ၊ မိတ္ထီလာကန်တော်အောက်က၊ ဖားကောက်ခဲ့ပါ၊ ဖားပါရင် တစ်ကောင်ပေးပါ၊ မျက်လုံးရယ် ကြောင်တောင်တောင်နဲ့၊ ဖားကောင်ကသေး” ဆိုသည့် သားချော့တေးကို ကြားလျှင် မိတ္ထီလာကန်ကို စိတ်ထဲ မှန်းမြင်မိကြသည်။ “ရေမှာ စစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ်၊ လယ်မှာ တောင်တွင်း၊ စပါးမှာ ရမည်းသင်း၊ အင်းမှာ တောင်သမန်၊ ကန်မှာ မိတ္ထီလာ” ဟုပင် တင်စား စပ်ဆိုခဲ့ကြသည်။ ရှေးမြန်မာမင်းများ အစဥ်အဆက် ဆည်ဖို့ပြုပြင်ခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီး၊ မြို့မရပ်ရှိ မိတ္ထီလာကန်၏အလှကို ပြောမည်ဆိုလျင်  မြန်မာ့လက်မှုပညာဖြစ်သည့် ပန်းပုပညာ၊ မှန်စီရွှေချပညာတို့ဖြင့် ထုံမွမ်းထားသည့် မြို့ကျက်သရေဆောင် ဟင်္သာပုံပန်းသဏ္ဍန် သမိုင်းဝင် ကရဝိက်ဖောင်တော်ဦးစေတီကိုပါ ထည့်သွင်းပြောမှ ပြည့်စုံပေလိမ့်မည်။ ပုဂံခေတ်က အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ချိန် ဖောင်တော်ဦးဆိုက်ရောက်ရာတွင် တည်ထားခဲ့သည်ဟု ဆိုရိုးစကားရှိကြပြီး၊ ကရဝိက်ဖောင်တော်အတွင်း ဥာဏ်တော်ကိုးတောင်ခန့်ရှိ  ဖောင်တော်ဦးစေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲ‌တော်ကို နှစ်စဥ် တော်သလင်းလတိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး၊ မြန်မာရိုးရာ လောင်းလှေပြိုင်ပွဲနှင့်အတူ ထည့်သွင်း ကျင်းပလေ့ရှိသည်။

မြန်မာ့ရိုးရာဖန်ခုန်ကစားခြင်း

Photographer : Kyaw Zaw Lay

ဖန်ခုန်တမ်းကစားခြင်းသည် မြန်မာကလေးများ၏ ရိုးရာ ကစားနည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး ကလေးများအုပ်စုလိုက် ပျော်ရွှင်စွာ ကစားလေ့ရှိသည့် ကစားနည်းဖြစ်သည်။ ဖန်ခုန်တမ်းကစားမည်ဆိုပါက ဦးစွာ အုပ်စုနှစ်စုခွဲ၍ တားရမည့် အဖွဲ့ကို ရွေးချယ်ရပါသည်။ ပြီးလျှင် တားမည့်အဖွဲ့ရှိ ကလေးနှစ်ဦးက မြေကြီးပေါ်တွင် ခြေဖဝါးချင်းထိပြီး ခြေဖနောင့်များကို ထောင်ကာ ထိုင်၍နေရပြီး၊  ကျန်အဖွဲ့မှ ကလေးတစ်ဦးချင်းစီက ဒေါင်လိုက်ဆင့်ထားသော ခြေဖနောင့်များ၏အမြင့်ကို လွတ်အောင်ခုန်ရခြင်း ဖြစ်သည်။ ခြေဖနောင့်အမြင့်ကို လွတ်အောင် ခုန်နိုင်ပြီးပါက ထိုမှတစ်ဆင့် လက်ဖဝါးများအား တစ်ထွာစီ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်၍ ဆင့်၍ အဆိုပါအမြင့်ကို လွတ်အောင် ခုန်ရပြီး၊ ခုန်နေစဥ်ကာလအတွင်း ထိမိပါက အဆိုပါကလေးအား အရှုံးသတ်မှတ်ကာ ဘေးထွက်ပေးရပါသည်။ အဆင့်အားလုံး လွတ်အောင်ခုန်နိုင်သည့် ကျန်ကလေးများက နောက်တစ်ဆင့်အနေဖြင့် တားသူကလေးနှစ်ဦး မြေပြင်ပေါ်တွင် ခြေနှစ်ဘက်ကား၍ ထိထားသည့်အပေါ် “ ကလင် ကလောင် ကလက်၊ ချဥ်ပေါင်ရွက်” ဟု အော်၍ မထိအောင် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ခုန်ကျော်ရပြန်သည်။ နောက်ဆုံး တတိယအဆင့်တွင်မူ တားသည့်ကလေးများက ‌မြေပြင်တွင်ထိုင်လျက် ခုန်မည့် ကလေးများကို ဖြတ်နေစဥ်အတွင်း လက်ဖြင့် ဖမ်းရပြီး၊ လွတ်အောင် ဖြတ်ကျော်နိုင်သူရှိပါက အဆိုပါအဖွဲ့က အနိုင်ရရှိပါသည်။ ဤသို့ဖြင့် တစ်လှည့်စီ အဖွဲ့အလိုက် အပြန်အလိုက် တားသူဆော့သူအဖြစ် ဆောင်ရွက်၍ ပျော်ရွှင်စွာ ဆော့ကစားကြပါသည်။ မြန်မာ့ရိုးရာကလေးကစားနည်းများသည် အသင်းအဖွဲ့လိုက် ဆောင်ရွက်လိုစိတ်နှင့်အတူ တပျော်တပါးကစားကြရသည့် မြန်မာတို့၏ရိုးရာဓလေ့ကို ဖော်ကျူးထားလေ့ရှိသည်။ 

မြန်မာ့ရိုးရာခြင်းခတ်ခြင်းအနုပညာ

Photographer : Ye Win Nyunt (Inle)

ခြင်းလုံးခတ်ကစားခြင်းသည် အကအနုပညာနှင့် အားကစားကို ပေါင်းစပ်ထားသော မြန်မာ့ရိုးရာကစားနည်းဖြစ်သည်။ ခြင်းလုံးတွင် အကွက်၁၂ကွက်ပါရှိပြီး ၁၂ရာသီပတ်လုံး ခတ်ကစားနိုင်သည်ကို ကိုယ်စားပြုသည်။ ကြိမ်နှင့်ယက်လုပ်ထားသည့် ခြင်းလုံးကို ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဖဝါး၊ ဖနောင့်၊ ဖမျက် စသည်တို့ဖြင့် ထိချက်နေရာမှန်အောင် ခတ်ကစားနိုင်လျင် အကြောပြေပြီး ကျန်းမာရေးအတွက်  များစွာ အထောက်အကူပြုပါသည်။ ခြင်းလုံးကစားနည်းကို ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက်တွင် စတင် တွေ့ရှိခဲ့ရပြီး ထိုခေတ်က နန်းတော်ရှိ မင်းဆွေမင်းမျိုးများနှင့် ပရိသတ်များ ကြည့်ရှုနိုင်ရန် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယခုအခါ မြန်မာခြင်းလုံးခတ်ကစားနည်းသည် လူအများကြား ခေတ်စားလာခဲ့ပြီး ညနေစောင်းနေအေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ၊ အချင်းချင်း ချိန်းဆိုစုဝေး၍ ခြင်းခတ်ကစားလေ့ ရှိကြသည်။ ခြင်းဝိုင်းတစ်ဝိုင်းတွင် ငါးယောက်ခန့် ပါဝင် ခြင်းခတ်ကြပြီး လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့် ကစားနည်းဖြစ်သည်။ ကစားသူများသည် ၄င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ခြင်းလုံးကို ထိတွေ့၍ လျင်မြန်ဖျတ်လတ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်းအကြား ရင်းနှီးစွာ အပေးအယူပြုလုပ်၍ ခြင်းလုံးကို မြေကြီးပေါ်သို့ ကျမသွားအောင် စုပေါင်းအားထုတ်ကစားကြသည်။

မြန်မာ့စဥ့်အိုးအနုပညာလက်ရာ

Photographer : Thwe Thwe Tun

မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် စဥ့်အိုးလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နှင့်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျောက်မြောင်းမြို့တို့သည် မြန်မာ့စဥ့်အိုးများထွက်ရှိရာ ဒေသများအဖြစ် အထူးထင်ရှားလှသည်။၊ ထိုဒေသများတွင် စဥ့်အိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ များစွာရှိပြီး၊  စဥ့်ထွက်ပစ္စည်းအမျိုးမျိုး ထွက်ရှိရုံမျှမက ပိဿာချိန် ၅၀ ဝင်မှ ပိဿာချိန် ၁၅၀ ဝင်အထိ ကြီးမားသည့် ရာဝင်စဉ့်အိုးကြီးများပါ  ထွက်ရှိရာဒေသဖြစ်သည်။ မြေနီနှင့် မြေဝါကို အချိုးကျရောစပ်ကာ စက်ဖြင့်ကြိတ်ပြီး၊ အဆိုပါ ကြိတ်ပြီးသား မြေမှုန့်များကို  အရည်ဖျော်ကာ လုံးထားပြီးနောက် အမှုန့်ကြိတ်ခြင်း၊ နယ်ခြင်း ပြုလုပ်၍ လိုအပ်သည့် အိုးပုံသဏ္ဌာန်ကို ပုံဖော်ယူရသည်။ ထို့နောက် နေလှန်းခြင်း၊ စဉ့်သုတ်ခြင်း၊ အပူပေးခြင်း၊ အအေးခံခြင်းတို့ အဆင့်ဆင့်ပြုလုပ်ရကာ၊ စဥ့်အိုးပေါ်တွင် အဆင်ဒီဇီုင်း အလှအပများ ဖန်တီးပုံဖော်၍ မျက်စိပသာဒဖြစ်အောင် မွမ်းမံကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း  ၂၅၀  ကျော်ကတည်းက စတင် ထွန်းကားလာခဲ့သည့် ဤစဥ့်လုပ်ငန်းသည် ယနေ့ထိတိုင် တိမ်ကောပပျောက်ခြင်း မရှိချေ။ အထူးသဖြင့် ကျေးလက်တောရွာနေ ပြည်သူများသည် ယနေ့ထိတိုင် စဥ့်အိုး စဥ့်ခွက်များကို တမြတ်တနိုး သုံးစွဲနေကြဆဲ ဖြစ်သည်။ ထို့အပြင် စဉ့်အိုးသည် တခြားမြေအိုးများနှင့်မတူဘဲ ခိုင်ခံ့လှပသည့်အတွက် စဉ့်အိုး၊  စဉ့်ခွက်များကို အိမ်အလှဆင်ရာတွင်လည်းကောင်း၊ ပန်းအိုးများအဖြစ်လည်းကောင်း၊ တခမ်းတနား အလှဆင် သုံးစွဲကြသည်။

မြန်မာ့ရိုးရာဗိုင်းငင့်ခြင်း

Photographer : Zaw Zaw Kaung San

မြန်မာ့ကျေးလက်ဒေသရှိ အမျိုးသမီးအများစုသည် ‘လသာတုန်းဗိုင်းငင့်’ ဆိုသည့် ဆိုရိုးစကားအတိုင်း မြန်မာလက်မှု ပညာတစ်ရပ်ဖြစ်သည့် ဗိုင်းငင့်သည့်အတတ်ကို ငယ်စဉ်တောင်ကျေးဘဝကပင် သင်ယူခဲ့ကြပြီး၊ အိမ်တွင်းသုံး အဝတ်အထည်အဖြစ် လက်သုတ်ပဝါ၊ လုံချည်၊ ပုဆိုး၊ စောင်ထည် စသည်တို့ကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ရက်လုပ်ခဲ့ကြသည်။  ဗိုင်းငင့်ရာတွင် ဦးစွာ စိုက်ပျိုးရရှိသော ဝါကို ကြိတ်၍ ဝါကို ချောအောင် ဝါဂွမ်းဖတ် ပြုလုပ်ရသည်။ ပြီးလျင် ရရှိလာသည့် ဝါအချောမှတစ်ဆင့် ချည်ခင်ဖြစ်အောင် ချည်မျှင်ဖြစ်အောင် ရစ် ဟုခေါ်သော ကိရိယာလေးဖြင့် ဗိုင်းငင့်ရပါသည်။ ထို့နောက် ချည်ခင်ချည်မျှင်မှ ချည်လုံး အစရှိသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ပြီးနောက် အထည်ရက်လုပ်နိုင်သော ချည်အဆင့်သို့ ရောက်သည်အထိ ဆောင်ရွက်ရသည်။ ယခုအခါ လက်ဖြင့် ရက်လုပ်ထားသည့် မြန်မာ့ရိုးရာ လက်မှုချည်ထည်များအား မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများကပါ တန်ဖိုးထား၍ ဝတ်ဆင်လျက် ရှိကြသည်။ ရိုးရာချည်ထည်များ ရက်လုပ်ရာမှာ အခြေခံကျသည့် မြန်မာတို့၏ ဗိုင်းငင့်ခြင်းအတတ်ကို မတိမ်ကောမပပျောက်စေရန် ထိန်းသိမ်း၍ လက်ဆင့်ကမ်းသယ်ဆောင်သွားရမည် ဖြစ်ပါသည်။

တစ်နေ့တာလုပ်ငန်းခွင်အစ

Photographer : Kyaw Zaw Lay

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးပြည်နယ်ဖြစ်သော်လည်း ဇီဝမျိုးစုံကွဲပြားမှု အလွန်များပြားပြီး အံ့သြဖွယ် ခရီးသွားအတွေ့အကြုံများစွာကို ရရှိနိုင်သည့်ဒေသ ဖြစ်သည်။ ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး တောင်စဉ်တောင်တန်းများအား တောင်ခိုးတောင်ငွေ့တဝေဝေဖြင့် တွေ့မြင်ကြရပေလိမ့်မည်။ ကုန်းလမ်းခရီးကိုသာ အဓိက အားထားရပြီး၊ ကယားပြည်နယ်၏ အထူးထင်ရှားသောမြစ်မှာ သံလွင်မြစ်ဖြစ်သည်။ ကယားပြည်နယ်တွင် မတူညီသည့် တိုင်းရင်းသားမျိုးနွယ် (၉) မျိုး စုပေါင်းနေထိုင်ပြီး အထင်ရှားဆုံး မျိုးနွယ်စုများမှာ ကယားနှင့် ကယန်းလူမျိုးတို့ဖြစ်ပါသည်။ ကယားလူမျိုးများမှာ တောက်ပသည့် အနီရောင်ခြုံထည်များကို ဝတ်ဆင်လေ့ရှိကြပြီး ကယန်းလူမျိုးများမှာ လည်ပင်းတွင် ကြေးကွင်းများ ဝတ်ဆင်လေ့ ရှိကြပါသည်။ ကယားပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး၊ တူးမြောင်းတို့မှ ရေသွယ်ယူကာ လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

 အရုဏ်ဆွမ်း

Photographer : Kyaw Win Hlaing

မြန်မာလူမျိုးများသည် ‘သက်ရှည်ဆင်းလှ၊ သုတခွန်အား၊ ပညာများ၊ ငါးပါးဆွမ်းအကျိုး’ ဟူ၍ ဆွမ်းလှူဒါန်းရသည့် အကျိုးကျေးဇူးများအား ရည်မှန်းပြီး  နံနက်ခင်းတိုင်း ရဟန်းသံဃာများအား ဆွမ်း၊ ဆွမ်းဟင်းများ ဆက်ကပ်လောင်းလှူကာ နေ့တစ်နေ့၏အစကို  မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းကြလေ့ ရှိကြပါသည်။ ရဟန်းသံဃာများအတွက် ဆွမ်းထမင်းနှင့်ဆွမ်းဟင်းများ လှူဒါန်းခြင်းဓလေ့သည် ရှေးအစဉ်အလာကတည်းက စတင်ခဲ့ပြီး၊ ကောင်းမှုကုသိုလ်အား မျှော်ရည်မှန်း၍  မိမိ၏ စားဦးစားဖျားကို ဦးဖယ်ကာ စေတနာသဒ္ဓါတရားအပြည့်ဖြင့် လှူဒါန်းကြခြင်း ဖြစ်သည်။ အရုဏ်တက် လင်းကြက်တွန်ချိန် နေအိမ်အနီး၊ ရပ်ကွက်လမ်းများပေါ်တွင်  တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ ဆွမ်းထမင်းဟင်းများ လောင်းလှူနေကြသည်ကို တွေ့မြင်နိုင်ပါသည်။ အထူးသဖြင့် အခါကြီးရက်ကြီးများတွင် ကျေးလက်ဒေသများ၌သာမက မြို့ကြီးပြကြီးများ၏ လမ်းများပေါ်တွင် “ဆွမ်းတော်ဗျို့’ ဟစ်သံ၊ ကြေးစည်သံ နောင်ဝေဝေနှင့်အတူ ဆွမ်းခံကြွလာသည့် သံဃာတန်းအား ဆွမ်းလောင်းလှူနေကြသည့် ကြည်နူးစဖွယ်မြင်ကွင်းကို အရုဏ်ဦးမနက်ခင်း၏ အလှတစ်ရပ်အဖြစ် တွေ့မြင်ကြရလေ့ရှိသည်။

သာလီစွ ဓညဝတီ

Photographer : Kyaw Zaw Lay

မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည့် ရခိုင်ပြည်နယ်သည် ရင်သပ်ရှုမောဖွယ်ကောင်း သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်၊ စာပေ၊ ယဥ်ကျေးမှု များစွာကို ပိုင်ဆိုင်ထားပါသည်။ လှပသော တောင်တန်းရှုခင်းများရှိသည့် ရခိုင်ပြည်နယ်တွင် များပြားလှစွာသော ဘုရားများ စေတီပုထိုးများ တည်ရှိပြီး၊ ရှေးဟောင်းသုတေသနနယ်မြေဖြစ်သည့် ရခိုင်မင်းဆက်၏ ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦးမြို့သည် ထင်ရှားကျော်ကြားလှသည်။ ထို့ပြင် ရှေးဟောင်းလက်ရာ အမွေအနှစ်များဖြင့် ပြည့်နှက်နေသည့်  သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်ဘုရား၊ ကိုးသောင်းပုထိုးတော်ကြီး၊ လေးမျက်နှာဘုရား၊ အံ့တော်သိမ်ဘုရား စသည့်နေရာများသည် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစား လာရောက် လည်ပတ်ကြသည့် နေရာများဖြစ်သည်။ ရခိုင်လူမျိုးများသည် ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုတွင် အစဉ်အလာ ကြီးမားကြပြီး၊   ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ကာ ရင်ဖုံးနှင့်တိုက်ပုံကို ရိုးရာရခိုင်ပုဆိုးနှင့် တွဲဖက်ဝတ်ဆင်ကြပြီး၊ ရခိုင်အမျိုးသမီးများမှာမူ ဇာပုဝါကို ရင်တွင်စလွယ် သိုင်းကာ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာရခိုင်လုံချည်နှင့် တွဲဖက် ဝတ်ဆင်ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် ကြွယ်ဝသော နေရာများထဲက တစ်ခုကို ညွှန်ပြပါဆိုလျင် ရခိုင်ပြည်နယ်ကို ညွှန်းဆို ပြသနိုင်ပေသည်။

ကျေးလက်ဓလေ့၊ ကျေးလက်အလှ

Photographer: Ko Sus Su

မြန်မာလူမျိုးများ၏ မြန်မာဆန်လှသည့် ပြင်ဆင်ထုံးဖွဲ့မှုနှင့် ဝတ်စားဆင်ယင်မှုများကို ကျေးလက်ဒေသများတွင် ယနေ့တိုင် ဆက်လက် တွေ့ရှိနေရဆဲ ဖြစ်သည်။ ကျေးလက်အညာဒေသများတွင် ကလေးအရွယ် အသက် ၁ဝ နှစ်မှ ၁၆ နှစ်အတွင်း  မိန်းကလေးများသည် ဆံရစ်ဝိုင်းများ ထားရှိကြပြီး၊ အပျိုဖော်ဝင်သည်နှင့် ဆံရစ်ဝိုင်းမှ ဆံတောက်သို့ ပြောင်းထားလေ့ရှိသည်။ နဖူးရှေ့မှ ဆံရစ်များကို ရှိမြဲတိုင်းထား၍၊ ကျန်ဆံရစ်ဝိုင်းမှ ဆံပင်များကို အရှည်ခံထားပြီး၊ နားရွက်စွန်းနှင့် တစ်ညီတည်းဖြစ်လာအောင် ညှိပေးရင်း ဆံထောက်အဖြစ် ပုံဖော်ပေးကာ အလယ်တွင် နှစ်ပတ်လျှိုထုံး၍ ဆံမြိတ်ကို အကုန်မထုတ်ဘဲ ကွင်းသဏ္ဌာန်လုပ်ပြီး နှစ်ပတ်လျှို ဆံမြိတ်ကွင်းချထားကြသည်။ ဆံတောက်တွင် နောက်ဘက်မှ တို၍၊ ရှေ့ဘက်သို့ ရှည်လျက် ရှူးလာလျှင် ၄င်းကို ရိုးရိုးဆံတောက်ဟု ခေါ်ပြီး၊ ပတ်ပတ်လည် တစ်ညီတည်းထားလျှင် မြို့မဆံထောက်ဟု ခေါ်လေ့ရှိကြ၏။ ဆံထောက်လေးများတွင် ဒေသထွက်ပန်းများ ဝေဝေဆာအောင် ပန်ဆင်ထုံးဖွဲ့ အလှဆင်ထားတတ်သည်။၊ မြန်မာ့ရိုးရာအချိတ် ချည်ထည်များဖြင့် မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ထားသော ဆံထောက်လေးများနှင့် ကျေးလက်၏သမီးပျိုများကို  ဆွမ်းလောင်းပွဲများ၊ အလှူ၊ ရှင်ပြု၊ နားသပွဲများတွင် ဂုဏ်ယူစွာဖြင့် ပွဲထုတ်လေ့ရှိသည်ကို တွေ့ရလေ့ရှိသည်။ 

မြန်မာ့ရိုးရာကျောက်ဆည်ဆင်အက

Photographer : Zaw Zaw Kaung San

လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာကျော်က စတင်ခဲ့သည့် မြန်မာနိုင်ငံ၊ ကျောက်ဆည်မြို့ရှိ သီတင်းကျွတ်ဆင်ပွဲတော်သည် နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့နှင့် လပြည့်နေ့များတွင် ကျင်းပလေ့ရှိပြီး၊ ကျောက်ဆည်တစ်မြို့တည်း၌သာ ထူးခြားစွာ တွေ့နိုင်သည့် ကမ္ဘာသိ အထူးထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်သည်။ ဆွမ်းတော်ကြီးလှည့်လည်ပွဲ၊ မီးထွန်းလှည့်လည်ပွဲများနှင့်အတူ ကျင်းပသည့် အဆိုပါ ကျောက်ဆည်ဆင်ပွဲတော်တွင် ဝါး၊ စက္ကူတို့ဖြင့် ချိုးထားသော ဆင်ရုပ်များ အတွင်း လူများဝင်၍ အပြိုင်အဆိုင် တီးမှုတ်ကခုန်ကာ မြို့အတွင်း ပျော်ရွှင်စွာ လှည့်လည်အလှူခံကြသည်။ အဆိုပါနေ့တွင် ဆင်ရုပ်များကို သူ့ထက်ငါ လှအောင် အကောင်းဆုံးတန်ဆာဆင်၍ ဒိုးသံ၊ လင်းကွင်းသံ၊ ဝါးလက်ခုပ်သံတို့ တပျော်တပါး တီးမှုတ်ကခုန်ကြကာ ဆင်အကပြိုင်ပွဲ၊ ဆင်အလှပြိုင်ပွဲများပါ ထည့်သွင်း ကျင်းပလေ့ရှိရာ ကြက်ပျံမကျ စည်ကားလှပေသည်။ ဆင်ရုပ်များအား ရှေးက ဆေးပန်းချီရေးခြယ်၍ ပိတ်ခြေထောက်ဖြင့် စတင်ခဲ့ရာမှ၊ ယခုအခါ ရွှေချည်ထိုး၊ ဖန်စီ၊ မှန်စီ၊ ကတ္တီပါခြေထောက်၊ ကျောအုပ်၊ ထိပ်အုပ်တို့ဖြင့် ပိုမိုလှပအောင် မွမ်းမံ၍ တန်ဆာ ဆင်ယင်လာသည်ကို တွေ့ရ၏။ 

ရှမ်းရိုးရာကိန္နရီကိန္နရာအက

Photographer: Kyaw Kyaw Win

ရှမ်းတိုင်းရင်းသားလူမျိုးများဟု ဆိုလိုက်လျှင် ကိန္နရီကိန္နရာအကကို ယှဥ်တွဲ၍ မြင်မိကြပေလိမ့်မည်။ ကိန္နရီကိန္နရာအကသည် ရှမ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုတွင် အစဉ်အလာကြီးမားစွာ တည်ရှိခဲ့သည့် ရိုးရာယဉ်ကျေးမှုအကတစ်ခု ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့ညတွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော်မူရာ လူတစ်ပိုင်း ငှက်တစ်ပိုင်းဖြစ်သော ကိန္နရီကိန္နရာများသည်လည်း မြင်းမိုရ်တောင်မှ ဆင်းသက်လာကြပြီး   မြတ်စွာဘုရားအား ပူဇော် ကန်တော့ကြပြီးနောက် ကခုန်မြူးတူးကာ မြင်းမိုရ်တောင်သို့ ပြန်သွားကြသည်ကို တွေ့မြင်လိုက်သူတို့မှာ  လွန်စွာနှစ်သက် သဘောကျ၍၊ ကိန္နရီကိန္နရာတို့၏ လှပဆန်းသစ်သော အမူအရာနှင့်  ကကြိုးကကွက်များကို  လူဖြင့် အစားထိုးကပြခဲ့ကြရာမှ ကိန္နရီကိန္နရာ အကဟူ၍ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ သိရသည်။ ယဉ်ကျေးသော၊ သိမ်မွေ့သော၊ အနုပညာရပ်ပေါင်းစုံပါဝင်သော ကိန္နရီကိန္နရာအကသည် ရှမ်းလူမျိုးတို့အတွက်သာမက မြန်မာတစ်မျိုးသားလုံးတို့အတွက် လက်ဆင့်ကမ်း ထိန်းသိမ်းသွားရမည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ် ဖြစ်သည်။

ဝမ်းစာရှာတဲ့ကိုတံငါ

Photographer : Kyaw Win Hlaing

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ညောင်ရွှေမြို့ရှိ အင်းလေးကန်သည် ကမ္ဘာသိထင်ရှားကျော်ကြားသော ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားရာ မြန်မာတို့၏ အထင်ကရ ရေကန်ကြီးတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၉၀၀ တွင် တည်ရှိသည်။ အင်းလေးဒေသတွင် နေထိုင်သော အင်းသားများ၏ အလျားအရှည် ၈ပေခန့်ရှိ ‘ဆောင်’ ဟုခေါ်သော ဝါးဖြင့်ရက်လုပ်ထားသည့် ပိုက်ကွန်ပါခြင်းတောင်းကို အသုံးပြု၍ ခြေထောက်ဖြင့် လှေလှော်ကာ ငါးဖမ်းခြင်းသည် လူသိများ ထင်ရှားလှသည်။ ‘ဆောင်’ သည် ပေါ့ပါးပြီး ကြီးမားသော အရွယ်အစားရှိသော်လည်း တံငါသည်သည် လက်တစ်ဖက်တည်းဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ်၍ ငါးဖမ်းယူနိုင်သည်။ တံငါသည်သည် ငါးကို တိုက်ရိုက်မမြင်မချင်း  လှေကို အင်းရေပြင်၌ ခြေထောက်ဖြင့် လှော်ခတ်နေပြီး၊ ရေမျက်နှာပြင်ပေါ်တွင်  လေပူဖောင်းလေးများ ထလာပါက ငါးရှိနိုင်မည့်နေရာဟု မှတ်ယူကာ၊ လှေကိုရပ်တန့်၍ ‘ဆောင်’ထိပ်ရှိ ချည်နှောင်ထားသော ကြိုးကို ဖြေလျှော့ပြီး၊ ကျလာသည့် ပိုက်ကွန်ဖြင့် ငါးများကို ဖမ်းရန် စတင်ပါသည်။ ထို့နောက် ‘ဆောင်’ကို ကန်ရေပြင်အောက်ရှိ ရွှံ့နွံထဲသို့ ခြေဖြင့်ဖိသွင်း၍ ငါးများစွာ ဝင်လာသည်အထိ စိတ်ရှည်လက်ရှည်ဖြင့် လှေပေါ်တွင် ထိုင်၍ စောင့်ဆိုင်းကာ ငါးဖမ်းကြသည်။ အင်းလေးဒေသတွင် အင်းသားတို့သည် ငါးဖမ်းခြင်း၊ သီးနှံများအား ကျွန်းမျောများတွင် စိုက်ပျိုးခြင်း၊ ရိုးရာအထည်ရက်လုပ်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။